ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ် ၆ ရပ်ကွက် ဇာတိမာန်လမ်း အမှတ် ၄/၅၇ ရှိ နေအိမ်တွင် ကြက်များသေဆုံးသဖြင့် အင်းစိန်ဆေးရုံသို့ သွားရောက် စစ်ဆေးရာ အပြင်းစား ကြက်ငှက်တုပ်ကွေး H5N1 ရောဂါပိုး တွေ့ရှိကြောင်း ဇူလိုင် ၂၈ ရက် ညပိုင်းက သက်ဆိုင်ရာ မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။
အပြင်းစားကြက်ငှက်တုပ်ကွေး H5N1 ရောဂါပိုး မရမ်းကုန်းမြို့နယ် အမှတ် ၆ ရပ်ကွက်တွင် တွေ့ရှိခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ရောဂါပိုးတွေ့ရှိသည်မှာ မှန်ကန်ပြီး လူသို့ကူးစက်ခြင်း ရှိ မရှိကို ယင်းပတ်ဝန်းကျင်တွင် ခရိုင်ကျန်းမာရေးအဖွဲ့က စစ်ဆေးနေကြောင်း အတည်ပြု ပြောကြားသည်။
“ကြက်သုံးကောင်သေတယ်။ သေတော့ အင်းစိန်ဆေးရုံမှာ သွားစစ်ကြည့်တော့ H5N1 တွေ့တယ်။ လောလောဆယ် ကျန်းမာရေးကပေးတဲ့ဆေးကို ပတ်ဝန်းကျင်မှာ ထုံးနဲ့ ဖျန်းထားတယ်။ ကြက်ခြံတော့ မဟုတ်ဘူး။ အိမ်မှာပဲ ကြက်မွေးထားတာ။ အဲဒီထဲက သုံးကောင်ကသေပြီး နှစ်ကောင်က H5N1 တွေ့တာ။ လူကူးစက်ခံရတယ်လို့တော့ လောလောဆယ် မကြားရသေးဘူး။ အဲဒီပတ်ဝန်းကျင်ကို ခရိုင်ကျန်းမာရေးအဖွဲ့က လာပြီးစစ်နေတယ်” ဟု မရမ်းကုန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ကြက်ကောင်ရေထောင်ချီ သေဆုံးသော ကြက်ခြံ၌ H5N1 ကြက်ငှက်တုပ်ကွေးရောဂါပိုး တွေ့ရှိခဲ့ပြီး နယ်စပ်နှင့် အခြားမြို့များမှ ကြက်နှင့်ဝက်တင်သွင်းမှု မြိတ်မြို့တွင် ပိတ်ပင်ထားကြောင်း သိရသည်။
ထားဝယ်မြို့ရှိ ကြက်မွေးမြူရေးခြံတစ်ခု၌ ကြက်ကောင်ရေထောင်ချီ ရက်ပိုင်းအတွင်း သေဆုံးမှုအပေါ် ကြက်အသေများကို ဓာတ်ခွဲစစ်ဆေးရာတွင် အပြင်းစား ကြက်ငှက်တုပ်ကွေးရောဂါ H5N1 ဗိုင်းရပ်ပိုး တွေ့ရှိခဲ့ပြီး ၎င်းကြက်ခြံအနီးဝန်းကျင်ရှိ ကြက်ခြံများကို ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့ ၀ဲကျွန်းထိန်သစ်ရပ်ကွက်ရှိ အမှတ် (၄) အထက်တန်းကျောင်းအနီးမှ ဥစားကြက်အကောင်ရေ ၅၀၀၀ မွေးမြူထားသော ပိုင်ရှင်ဒေါက်တာမောင်နီ၏ ကြက်မွေးမြူခြံ၌ ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်မှ ၂၀ ရက်အထိ ကြက်အကောင်ရေ ၁၀၀၀ ခန့် သေဆုံးမှုဖြစ်ပွားပြီး ကြက်သေနမူနာများကို ဇူလိုင်၂၁ ရက်က ရန်ကုန်သို့ ပေးပို့စစ်ဆေးစေခဲ့ရာ ဇူလိုင် ၂၃ ရက်က ၎င်းကြက်များ၌ H5N1 ဗိုင်းရပ်ပိုး တွေ့ရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။
Eleven Media Group
http://news-eleven.com/
Read in : All Update Reader