Responsive Ad Slot

Latest

Sports

ဘင်္ဂလာဒေ့ရှ်ရှိ မြစ်နားရွာ ဘုန်းတော်ကြီးကျောင်း ကျောက်ခဲများနှင့် ၀ိုင်းဝန်းပစ်ခတ်ခံရ

Thursday, October 27, 2016

( ဓာတ်ပုံ- ကော့စ်ဘဇားခရိုင်မှ ရခိုင်ဘုန်းတော်ကြီးကျောင်း)

နိရဉ္စရာ၊ အောက်တိုဘာ ၂၆

မြန်မာနယ်စပ်အနီးတွင် တည်ရှိသော ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက်ကနက်မြို့နယ် နတ်မြစ်ကမ်းခြေတွင် တည်ရှိသော မြစ်နားရွာ ( ဘင်္ဂလာဒေ့ရှ်အခေါ် Chowdhury Para) ရှိ အသောကာရုံ ဘုန်းတော်ကြီးကျောင်းကို ဘင်္ဂလီလူမျိုး ၅၀ ခန့်က ကျောက်ခဲများဖြင့် ၀ိုင်းဝန်း ပစ်ခတ်ခဲ့သည်ဟု သတင်းရရှိသည်။

မြစ်နားရွာမှ လူကြီး တစ်ဦးဖြစ်သူ ဦးစံအောင်ကျော်အား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ “ ဒီကနေ့ ညနေ ၈နာရီကျော်ခန့်မှာ ဘော်လုံးကန်ရာကနေ ကား ၅စီးနဲ့ ပြန်လာတဲ့ တက်ကနက်မြို့က ဘော်လုံးသမားတွေနဲ့ အရပ်သားတွေဟာ ကျွန်တော်တို့ရွာက အာသောကာရုံ ဘုန်းတော်ကြီးကျောင်းရှေ့မှာ ကားတွေကို ရပ်ပြီး ဆဲဆိုပါတယ်။ တစ်ချို့က ဗစကားနဲ့ ဆဲဆိုပါတယ်။ လူတွေကိုသာမက ဘုန်းကြီးကိုလည်းဆဲပါတယ်။ ပီးရင် ဘုန်းတော်ကြီးကျောင်းကို ကျောက်ခဲတွေနဲ့ ၀ိုင်းပစ်ပါတယ်” ဟု သူက ပြောသည်။

အခြေအနေမှာ တင်းမာလာသဖြင့် ကျောင်းထိုင်းဆရာတော်က အနီးအနားရှိ နယ်ခြားစောင့်တပ်သို့ အကြောင်းကြားရာ Border Guard Bangladesh (BGB) မှ အရာရှိ တစ်ဦးနှင့် ရဲတစ်ဦးတို့ ချက်ချင်း မော်တော်ဆိုင်ကယ်ဖြင့် လိုက်လာရာ အဆိုပါ ဆဲဆိုပြီး ကျောက်ခဲပစ်သူများမှာ ကားများဖြင့် ထွက်ပြေးသွားခဲ့ကြသည်ဟု သူက ပြောဆိုသည်။

“ ရွာကို ရောက်ရှိလာတဲ့ နယ်ခြားစောင့်တပ်က စခန်းကို ဖုန်းနဲ့ အကြောင်းကြားတော့ ကျောက်ခဲပစ်တဲ့သူတွေကို ဒုံးဒုံးကျ စစ်ဆေးရေးဂိတ်က တားဆီးပြီး ထိန်းသိမ်းထားတယ်လို့ ကြားရတယ်။ ကျောင်းထိုင်ဆရာတော်က ဒီအမှုဟာ ရဲနဲ့ သာ ဆိုင်တာမို့ ရဲလက်ကိုဘဲ အပ်ပါတယ်။ လူကြီးမင်းတို့ ဘယ်လိုလုပ်မလဲ။ လူုကြီးမင်းတို့ သဘောအတိုင်း ဆောင်ရွက်ပါလို့ ပြောလိုက်ပါတယ်” ဟု ဦးစံအောင်ကျော်က ဆက်လက် ပြောကြားသည်။

ယခုကဲ့သို့ ဘုန်းကြီးကျောင်းကို ဘင်္ဂလီအချို့မှ ၀ိုင်းဝန်ကြီး ကျောက်ခဲများဖြင့် ပစ်ခတ်တိုက်ခိုက်သည့် သတင်းကြောင့် အနီးအနားရှိ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ၊ မူဆလင် လူကြီးများ၊ သတင်းသမားများ ရောက်ရှိလာသည်ဟု သိရသည်။ ယခု ပြဿနာအား လာမည့် သောကြာနေ့တွင် ဖြေရှင်း ပေးမည်ဟု ဒေသ အာဏာပိုင်များမှ ပြောဆိုခဲ့ကြောင်း သိရသည်။

“ အခု လူအုပ်နဲ့ ကျောက်ခဲတွေ ပစ်တော့ တစ်ရွာလုံးက စိုးရိမ်ပြီး အုတ်အော်သောင်းနင်း ဖြစ်သွားပါတယ်။ အခုတော့ ဘုန်းကြီးကျောင်းမှာ ဘီဂျီဘီ နယ်ခြားစောင့်တပ်တွေ၊ ထောက်လှမ်းရေး၊ ဌာနဆိုင်ရာ လူကြီးတွေ ရောက်ရှိနေပါတယ်။ အခုလို ဖြစ်တော့ အနည်းနဲ့ အများတော့ စိုးရိမ်မိပါတယ်” ဟု ဆိုသည်။

မြစ်နားရွာသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင် တက်ကနက်မြို့နယ် နတ်မြစ်ကမ်းခြေတွင် တည်ရှိသော ရခိုင်ရွာကြီး တစ်ရွာဖြစ်ပြီး အိမ်ခြေ ၆၀ ကျော်ရှိကြောင်း သိရသည်။


နိရဉ္စရာ
http://www.narinjara.com/burmese/
Don't Miss