ရန်ကုန်၊ အောက်တိုဘာ ၂၅
ရှမ်းပြည်နယ် အထူးဒေသ(၄) NDAA မိုင်းလား နယ်မြေအတွင်းသို့ “ဝ” တပ်ဖွဲ့များ ရောက်ရှိနေသည့်ကိစ္စ အထူး ဒေသ (၄)နှင့်အတူ ပြေလည်စွာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း UWSA ဥက္ကဋ္ဌ ပေါက်ယူချမ်းက ငြိမ်းချမ်းရေး ကော်မရှင်ထံ အကြောင်းကြားစာ ပေးပို့လိုက်သည်။
အောက်တိုဘာလ ၂၁ ရက်နေ့ ရက်စွဲဖြင့် ပေးပို့သည့် ယင်းစာတွင် “ဝ” တပ်ဖွဲ့အနေနှင့် စစ်မက် ဖြစ်ပွားခြင်းကို ဦးစွာ၊ လွယ်ကူစွာ စတင်မည် မဟုတ်ကြောင်း ဖော်ပြထားသည်။
UWSA နှင့် အထူးဒေသ (၄)တို့ကြား နှစ်ကာလ ရှည်ကြာသော ညီနောင်ချင်း ဆက်ဆံရေး ရှိထားခဲ့ပြီး ဖြစ်ကြောင်း၊ UWSA အနေနှင့် ငြိမ်းချမ်းစွာ တွေ့ဆုံ ညှိနှိုင်းသော နည်းလမ်းဖြင့် ယခုတစ်ကြိမ် တပ်ဖွဲ့များ ခရီးကြမ်း ချီတက် လေ့ကျင့်ရေးကြောင့် ဖြစ်ပေါ်လာသော အထင်လွဲမှုကို အထူးဒေသ(၄)နှင့်အတူ ပြေလည်စွာ ဖြေရှင်းသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အတူ UWSA အနေနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ငြိမ်းချမ်းရေး ကော်မရှင်နှင့် လက်တွဲ၍ နောက်ဆုံးသော (အဆင့်သုံးဆင့် ငြိမ်းချမ်းရေးစာချုပ်)အရ နိုင်ငံရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းများကို ဆောလျင်စွာ ဖော်ဆောင်ရန် မျှော်လင့်ကြောင်း ဥက္ကဋ္ဌပေါက် ယူချမ်း၏ အကြောင်း ကြားစာတွင် ဖော်ပြထားသည်။
“ဝ”တပ်ဖွဲ့များ မိုင်းလားနယ်မြေအတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် တပ်မတော်က အောက်တိုဘာလ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည် ဆုတ်ခွာပေးရန် အကြောင်းကြားစာ ပေးပို့ထားကြောင်း ရှမ်းပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။
ထိုကဲ့သို့ တပ်မတော်က “ဝ”တပ်ဖွဲ့များ ဆုတ်ခွာပေးရန် အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း အောက်တိုဘာလ ၂၅ ရက်နေ့ထိ ဆုတ်ခွာခြင်း မရှိကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုသည်။
“ကျွန်တော်တို့ သိတာတော့ မဆုတ်သေးဘူး”ဟု ဦးဇော်ဌေးက ပြောကြားသည်။
အလားတူ ၂၁ ရာစု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပခဲ့ချိန်တွင် “ဝ”တပ်ဖွဲ့ ကိုယ်စားပြုအဖွဲ့များ ညီလာခံ ပြီးဆုံးသည်အထိ တက်ရောက်ခဲ့ခြင်း မရှိဘဲ မိုင်းလားအဖွဲ့က ညီလာခံအား ပြီးဆုံးအောင် တက်ရောက်ခဲ့ခြင်းကြောင့် နှစ်ဖက် အဖွဲ့များ စစ်ရေး တင်းမာလာရခြင်းဖြစ်ကြောင်း တိုင်းရင်းသားအရေး သုံးသပ်သူများက ဆိုသည်။
ယင်းကဲ့သို့ နှစ်ဖက်အဖွဲ့များ စစ်ရေး တင်းမာလာခြင်းနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက “ဆရာ အဲဒီကိစ္စအပေါ် ကော်မရှင်ဥက္ကဋ္ဌ တစ်ယောက် အနေနဲ့ ပြောလို့မရဘူး”ဟု ဆိုသည်။
UWSA အဖွဲ့များသည် NDAA မိုင်းလားဒေသရှိ စစ်စခန်းများကို စက်တင်ဘာလ နောက်ဆုံးပတ်က ဝင်ရောက် သိမ်းပိုက်ထား၍ ပြန်လည် ဆုတ်ခွာရန် နှစ်ဖက် လက်နက်ကိုင် အဖွဲ့များ ညှိနှိုင်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ယင်းကြောင့် အဆိုပါဒေသရှိ “ဝ”လက်နက် ကိုင်အဖွဲ့များကို အောက်တိုဘာ ၂၄ ရက် နောက်ဆုံးထား ဆုတ်ခွာရန် တပ်မတော်က ညွှန်ကြားခဲ့၍ နှစ်ဖက်စစ်ရေး တင်းမာမှုများ ရှိခဲ့ကြောင်း အဆိုပါ လက်နက်ကိုင် အဖွဲ့များထံမှ သိရသည်။
“ပန်ဆန်းမှာ ဒီနေ့ အစည်းအဝေး လုပ်ပြီး မိုင်းလားအဖွဲ့ အပါအဝင် နှစ်ဖက် ညှိနှိုင်းနေတယ်။ ဒီကိစ္စက ချက်ချင်းကြီး လုပ်မရတဲ့အတွက် အချိန်ယူပြီး လုပ်မှ ရမယ်လို့ သိရတယ်”ဟု ကျိုင်းတုံမြို့ “ဝ” အထူးဒေသ(၂) ဆက်ဆံရေးရုံး တာဝန်ခံ ဦးအားမင်က ပြောကြားသည်။
ကျိုင်းတုံမြို့ မိုင်းလား အထူးဒေသ (၄) ဆက်ဆံရေးရုံးတာဝန်ခံ ဦးစိုင်းရှဲန်က ဒီနေ့ ဆွေးနွေး ညှိနှိုင်းမှု နောက်ဆုံး အခြေအနေ အသေးစိတ်ကို မသိရှိရသေး၍ မိုင်းလားဒေသရှိ တပ်စခန်းများ ရုပ်သိမ်းသည် မရုပ်သိမ်းသည်ကို အတည် မပြုနိုင်သေးကြောင်း၊ သို့သော်လည်း ကျိုင်းတုံတွင် တပ်မတော် ကုန်တင် လေယာဉ်ကြီးများနှင့် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ ယနေ့ ညနေပိုင်း၌ ဆင်းသက် ပျံသန်းလာသည်ကို တွေ့မြင်နေရကြောင်း၊ နယ်မြေ ပိုင်ဆိုင်မှုအရ ကျူးကျော် ဝင်ရောက်လာသည့် “ဝ”တပ်ဖွဲ့ဝင်များ အနေနှင့် နိုင်ငံရေး ဂုဏ်သိက္ခာ ကျဆင်းမှု ကြုံတွေ့နေရ၍ အမြန်ဆုံး ပြန်လည် ဆုတ်ခွာပေးသင့်ကြောင်း ယနေ့ည ၇ နာရီခန့်တွင် The Voice သို့ အတည်ပြု ပြောဆိုသည်။
“ဝ” လက်နက်ကိုင် အဖွဲ့များနှင့် စစ်ရေး တင်းမာမှုများ ဖြစ်ပေါ်ကာ နှစ်ဖက် စစ်အင်အားများ တိုးချဲ့ ချထားခဲ့သည့်အပြင် အောက်တိုဘာ ၂၃ ရက် ညနေပိုင်းက ကျိုင်းတုံ-မိုင်းလား လမ်းနှင့် ကျိုင်းတုံ-မိုင်းယန်းလမ်း၊ မိုင်းယု-မိုင်းယောင်း လမ်းများ ဖြတ်သန်း သွားလာခွင့်ကို နှစ်ဖက် တာဝန်ရှိသူများက ပိတ်လိုက်၍ မိုင်းလားနှင့် မိုင်းယန်းမြို့နယ်များရှိ ဒေသခံနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ကျိုင်းတုံမြို့သို့ ထွက်ပြေးတိမ်းရှောင် လာခဲ့သည့်အပြင် နိုင်ငံခြားသားများနှင့် ထွက်ပြေးတိမ်းရှောင် လာသူအချို့ နှစ်ဖက်ဂိတ်များအကြား ပိတ်မိနေကြောင်း ကျိုင်းတုံ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
“အခုက နှစ်ဖက် အဆင်ပြေအောင် ညှိနှိုင်းနေတာပါ။ ဒါကို စစ်ဖြစ်တာ မဟုတ်ဘဲနဲ့ ဒေသခံတွေ အပါအဝင် ပညာရေးနဲ့ ကျန်းမာရေး ဝန်ထမ်းတွေက စိုးရိမ်ပြီး ထွက်ပြေးလာကြတာ။ မိုင်းလားနဲ့ ဝမ်တာပင်း ဂိတ်ကြားမှာ ပိတ်မိနေတယ်ဆိုတဲ့ နိုင်ငံခြားသားတွေ အပါအဝင် ဌာနဆိုင်ရာတွေနဲ့ အခြားထွက်ပြေး တိမ်းရှောင် လာသူတွေ ဘယ်လောက် ရှိတယ်ဆိုတာ စိစစ်နေပါတယ်”ဟု ကျိုင်းတုံခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြောကြားသည်။
အထူးဒေသ(၂) UWSA “ဝ” လက်နက်ကိုင် အဖွဲ့များသည် စက်တင်ဘာ ၂၈ ရက်က အထူးဒေသ(၄) NDAA မိုင်းလား လက်နက်ကိုင် အဖွဲ့များ အခြေစိုက် နေထိုင်ရာ စစ်စခန်းများဖြစ်သည့် လွယ်ဆမ်ဆုံ၊ လွယ်ကျူဆိုင်းနှင့် ဝမ့်နောင်ဟုတ်တို့ကို သိမ်းပိုက် နေရာယူခဲ့၍ နှစ်ဖက် ညှိနှိုင်းခဲ့သော်လည်း အဆင် မပြေခဲ့ရာမှ တပ်မတော်အနေနှင့် အောက်တိုဘာ ၂၄ ရက် နောက်ဆုံးထား ဆုတ်ခွာရန် ညွှန်ကြားခဲ့ပြီး အဆိုပါ စစ်စခန်းများ နယ်စပ်တစ်လျှောက်တွင် လုံခြုံရေး အင်အား အပြည့်အဝ ချထားသည့်အပြင် ကျိုင်းတုံ-မိုင်းလားလမ်းရှိ ဝမ်တာပင်း စစ်ဆေးရေးဂိတ်၌ သံချပ်ကာ ယာဉ်များ ချထားခဲ့သည်ဟု တပ်မတော်နှင့် နီးစပ်သူများနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
The Voice
http://thevoicemyanmar.com/