Responsive Ad Slot

Latest

Sports

ကုသလမဂ္ဂရဲ့ မြန်မာဌာနကိုယ်စားလှယ်အဖွဲ့ သတင်းစာရှင်းလင်းပွဲ

Posted on Thursday, November 3, 2016 No comments
( မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms Renata နဲ့ သံအမတ်အဖွဲ့ဟာ နိုင်ဝင်ဘာလ ၃ ရက်နေ့က မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာမှာရှိတဲ့ မွတ်ဆလင်တွေနဲ့ တွေ့ဆုံစဉ်) Photo:RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ကို မနေ့ကရောက်ရှိလာတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms Renata နဲ့ သံအမတ်အဖွဲ့ဟာ တပ်မတော်ရဟတ်ယာဉ်နဲ့ စစ်တွေမြို့ကနေ မောင်တောမြို့နယ် အလယ်သံကျော်၊ ကိုင်းကြီး၊ ဇော်မတက်နဲ့ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာတွေကို ဒီနေ့ သွားရောက်ခဲ့ကြပါတယ်။

မောင်တောအကြမ်းဖက်မှုဖြစ်စဉ်တွေအပေါ်မှာ လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့တွေနဲ့ စုံစမ်းစစ်ဆေးဖို့လိုအပ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms Renata က စစ်တွေလေဆိပ်မှာ ဒီနေ့ညနေက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

အဲဒီလို စုံစမ်းစစ်ဆေးနိုင်ဖို့ မြန်မာအစိုးရနဲ့ သဘောတူညီမှုရထားသလို ကြောက်လန့်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေအပေါ်မှာလည်း အစိုးရက အကူအညီတွေပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ဒီခရီးစဉ်အတွင်း သွားရောက်ခဲ့တဲ့ကျေးရွာတွေဟာ သံအမတ်ကြီးတွေ တောင်းဆိုတင်ပြခဲ့တဲ့ကျေးရွာတွေဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms Renata နဲ့ သံအမတ်အဖွဲ့ဟာ မောင်တောမြို့နယ်အတွင်းက မွတ်ဆလင်ဒုက္ခသည်တွေကို အကူအညီပေးရေးကိစ္စနဲ့ပတ်သက်ပြီး စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ဂေဟာမှာ အစိုးရတာဝန်ရှိသူတွေနဲ့ ဒီနေ့မနက်က သီးသန့်တံခါးပိတ် တွေ့ဆုံဆွေးခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

အိပ်ရာအနီးထားသည့် ဟန်းဆက်ပေါက်ကွဲပြီး အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရ

Posted on No comments


အိပ်ရာဝင်စဉ် အနီးအနား၌ ထားရှိသည့် မိုဘိုင်းဟန်း ဆက်ပေါက်ကွဲမှုကြောင့် အမျိုး သမီးငယ်တစ်ဦး ဘယ်ဘက်လက်မောင်းထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

 ဟန်းဆက်ပေါက်ကွဲမှု ကြောင့် အသက် (၁၆)နှစ်အရွယ် မယုသဇင်ဖြိုး၏ ဘယ်ဘက်လက် မောင်း လောင်ကျွမ်းမှုဒဏ်ရာအချို့ရရှိခဲ့သည်။

‘‘အားသွင်းထားတဲ့ ဟန်း ဆက်ကို ဖြုတ်ပြီးတော့ အနားမှာထားအိပ်တာ၊ နှစ်နာရီလောက် ကြာတော့ ထပေါက်တယ်။ လက်မောင်းပဲ ဒဏ်ရာရတာပါ’’ဟုမန္တလေးတိုင်းဒေသကြီး ချမ်းမြေ့ သာစည်မြို့နယ်မှ ကာယကံရှင် မယုသဇင်ဖြိုးကပြောသည်။

 ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဟန်းဆက်သည် တရုတ်နိုင်ငံ ထုတ် Coolpad အမျိုးအစားဖြစ် ပြီး ဟန်းဆက်ဝယ်ယူသည့်အချိန် နှင့် ဟန်းဆက်မော်ဒယ်အမျိုးအ စားကို မသိရှိကြောင်း မယုသဇင် ဖြိုးက ဆိုသည်။

 ‘‘အားသွင်းထားတာကတော့ တစ်နာရီခွဲလောက်အထိ ကြာတယ်။ ပေါက်ကွဲတော့ အသံတော့ကျယ်တယ်။ အကျယ်ကြီး တော့လည်းမဟုတ်ဘူး’’ ဟု ဟန်းဆက်ပေါက်ကွဲခြင်းနှင့်ပတ်သက် ၍ မယုသဇင်ဖြိုးကပြောသည်။

ဟန်းဆက်များသည် ပါဝါ ဖွင့်ထားစဉ်၌ Network ပိုင်းဆိုင်ရာများ ရှော့ခ်ဖြစ်လာသည့်အခါ ပေါက်ကွဲမှုဖြစ်ပွားတတ်ပြီး အသုံးပြုသည့် ဘက်ထရီအရည်အသွေး ညံ့သည့်အခါများတွင်လည်း ပေါက်ကွဲမှု ဖြစ်တတ်သည်ဟု Luck Friends ဟန်းဆက် အရောင်းဆိုင်မှ technician ကိုနေမျိုးနိုင်ကဆိုသည်။

 ‘‘အသုံးပြုနေတဲ့အချိန်မှာ ဟန်းဆက်တွေ ပူလာရင်လည်း ပေါက်ကွဲတတ်တယ်။ အားသွင်း ကြိုးတွေ၊ ဘက်ထရီတွေအရည် အသွေးနိမ့်ရင်လည်း ပေါက်ကွဲ တတ်တယ်။ တရုတ်ကလာတဲ့ ဘက်ထရီအပိုတွေကို ၀ယ်မသုံး စေချင်ဘူး’’ဟု ကိုနေမျိုးနိုင်က အကြံပြုသည်။

ဟန်းဆက် ဘက်ထရီပြဿ နာနှင့်ပတ်သက်၍ မကြာမီက Samsung Galaxy Note 7 တွင် ကြုံတွေ့ခဲ့ရသည့်အတွက် ကုမ္ပဏီအနေဖြင့် အဆိုပါဟန်းဆက် ရောင်းချခြင်းနှင့် ထုတ်လုပ်ခြင်း ကို အောက်တိုဘာက ရပ်ဆိုင်းခဲ့ရသည်။

7Day Daily
http://www.7daydaily.com/


မုံရွာနှစ်လောင်းပြိုင် လူသတ်မှု ဖော်ထုတ် ဖမ်းဆီး

Posted on No comments

အလောင်းပြိုင် လူသတ်မှုဖြစ်စဉ်များအနက် မုံရွာနှစ်လောင်းပြိုင် လူသတ်မှုအား ခုနှစ်ရက်အတွင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်

မုံရွာ၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာဦးရပ်ကွက်၊ သမာဓိလမ်း၊ အိမ်အမှတ် ၂/ ၉၉ တွင် အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့သော နှစ်လောင်းပြိုင် လူသတ်မှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို အရေးယူဆောင်ရွက်ပေးရန် တရားလိုပြုလုပ်တိုင်တန်ခဲ့သူ မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့်အဖွဲ့က ပြစ်မှုဖြစ်ပွားသည့်နေ့ ရက်မှစတင်ကာ ၎င်းအမှုအား ခုနှစ်ရက်အတွင်း ဖော်ထုတ်အရေးယူလိုက်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မုံရွာနှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားရသည့် ပြစ်မှုအရင်းအမြစ်မှာ မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်စပ်နေသည်ဟု ထင်မြင်သုံးသပ်၍ မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့်အဖွဲ့သည် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားပြီးနောက် နာရီပိုင်းအကြာ အောက်တိုဘာ ၂၇ ရက်ည ၇ နာရီခွဲအချိန်က နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားရာ ကန်သာဦးရပ်ကွက်၊ ရတနာလမ်းနေ ကိုဇော်မျိုးဦး(ခ) ကိုဇော်ဦး ဆိုသူထံမှ ဘိန်းဖြူမှုန့် အလေးချိန်( ၀ ဒသမ ၁)ဂရမ် ပါဝင်သော ပနယ်စလင်ပုလင်း(၁)ပုလင်းနှင့် မူးယစ်ဆေးဝါးရောင်းရငွေ လေးသောင်းကျပ်အား ဖမ်းဆီးရရှိခဲ့သည်။


ယင်းအမှုအား မုံရွာနယ်မြေရဲစခန်း မူးယစ်(ပ) ၁၆/ ၂၀၁၆ မူးယစ် ဥပဒေ ပုဒ်မ ၁၅(က)/၁၆(က)/၂၀ အရ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့သည်။ ထို့နောက် မုံရွာနယ်မြေရဲစခန်း ပြစ်မှုကြီးဖြစ်စဉ်အမှတ် ၈/၂၀၁၆ ပထမသတင်းပေးတိုင်တန်းချက်အမှတ်(ပ) ၇၅၃ / ၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နှစ်လောင်းပြိုင် လူသတ်မှု၏ တရားလိုဖြစ်သူ ရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့်အဖွဲ့သည် အဆိုပါ အမှုနှင့်ပတ်သက်၍ မသင်္ကာဖွယ်ရာ သတင်းရရှိထားသူ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာနေ ကိုအောင်နိုင်မင်း(ခ) ဘိုဆူးခတ် ဆိုသူမှာ မုံရွာမြို့ ရုံးကြီးရပ်ကွက်၊ ခါးပန်းနီကျောင်းတိုက်တွင် ရောက်ရှိနေကြောင်း သတင်းရရှိခဲ့သည်။

ထို့ကြောင့် မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ကျော် ဦးစီး၍ အဆိုပါ ဘုန်းကြီးကျောင်းအတွင်းရောက်ရှိနေသူအား အောက်တိုဘာ ၂၉ ရက် မနက် ၃ နာရီအချိန်က ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ သတင်းရရှိထားသူ ကိုအောင်မင်းနိုင်း(ခ) ဘိုဆူးခက် ဆိုသူအား ၄၆ယ/ ၂၇၅၄၀ တရုတ်ကလစ်ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိခဲ့ရသဖြင့် ရဲတပ်ဖွဲ့က အဆိုပါ ဆိုင်ကယ်အား ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ သက်သေများ၏ ရှေ့မှောက်တွင် ဆိုင်ကယ်အား ရှာဖွေစစ်ဆေးခဲ့ရာ ဆိုင်ကယ်ဖင်ထိုင်ခုံအောက်ရှိ တူးဘောက်အတွင်းမှ ပန်းရောင်ရူးသွပ်စိတ်ကြွဆေးပြာ(၂၀၀)ပြား၊ အဖြူဝါရောင်အမှုန့်များကပ်လျက်ရှိသော ပုနယ်စလင်ပုလင်းတစ်လုံး၊ ငွေစက္ကူရောရာ ငွေကျပ်(၁၁)သိန်းတို့အား တွေရှိခဲ့ရသည်။

ထို့ကြောင့် ရဲစခန်းမှူး ရဲအုပ် ရဲအောင်က ကိုယ်တိုင် အမှုတိုင်တန်းချက်ရေးဖွင့်ခဲ့ရာ မုံရွာနယ်မြေရဲစခန်း မူးယစ်(ပ) / ၂၀၁၆ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပုဒ်မ ၁၅/၁၉(က)/ ၂၀(က) အရ ဒုရဲအုပ် ကိုကိုအောင်မှ ၎င်းအမှုအား စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် အောက်တိုဘာ ၂၉ ရက်မနက် ၁၀ နာရီခွဲအချိန်ခန့်က နှစ်လောင်းပြိုင် လူသတ်မှုမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သူ မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့်အဖွဲ့သည် နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားရာ နေအိမ်အတွင်းရှိ ပစ္စည်းများအား စစ်ကိုင်းတိုင်းဒေသကြီး မှုခင်းရဲတပ်ဖွဲ့ခွဲရုံးရှိ ရဲအရာရှိများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့်အတူ ၀င်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ လူသတ်မှုဖြစ်ပွားခဲ့ရာ နေအိမ်အတွင်း၊ အိပ်ခန်းကုတင်ခြေရင်ဘက်အောက်နေရာ၊ သေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်းတွေ့ရှိခဲ့သည့်နေရာ ကုတင်အောက်တွင် သွေးများစွန်းထင်ပေကျံလျက်ရှိသော 555 အမှတ်တံဆိပ်ပါ ပလပ်စတစ်အဖြူရောင် ဗူးအတွင်းမှ ပန်းနုရောင် ဆပ်ပြာခွက်အတွင်း ပလပ်စတစ်ဖြင့်ထုတ်ထားသော ဘိန်းဖြူမှုန့်ဟုယူဆရသော အမှုန့်တစ်ထုပ်၊ ကမ္ဘာလုံးအမှတ်တံဆိပ်ပါ အပြာရောင် ပလပ်စတစ်အိတ်ဖြင့်ထည့်ထားသော ရူးသွပ်စိတ်ကြွဆေးပြာ(၁၈၄)ပြား၊နှင့် နေအိမ်အတွင်း မီးဖိုချောင်သုံး ကြောင်အိမ်အောက်ထပ်အခန်းမှ တွေ့ရှိရသော အမျိုါ်သမီးအတွင်းခံ အ၀တ်အထည်များကြားမှ ငွေစက္ကူရောရာ တစ်သိန်း၊လေးသောင်း၊ ငါးထောင်ကျပ် တို့အား ထပ်မံရှာဖွေ သိမ်းဆီးရရှိခဲ့သည်။


ထို့ကြောင့် အဆိုပါ ရှာဖွေတွေ့ရှိခဲ့ရသော မူးယစ်ဆေးဝါးများနှင့် ငွေကြေးများအား မုံရွာနယ်မြေရဲစခန်းက မူးယစ်(ပ) ၁၈/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေ ပုဒ်မ ၁၅/၁၉(က)/ ၂၀(က) အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မူးယစ်ဆေးဝါးဆိုင်ရာ အမှုကိစ္စများအား နှစ်လောင်းပြိုင် လူသတ်မှု တရားလို အမှုစစ် ရဲအရာရှိမှ စနစ်တကျစစ်ဆေးဆောင်ရွက်ရာတွင် နှစ်လောင်းပြိုင် လုပ်ကြံသတ်ဖြတ်ခြင်းခံရသော နေအိမ်မှ သေဆုံးသူ လင်မယားထံမှ မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်နေ ကောင်းကောင်း(ခ) မောင်ကောင်းခန့်သော် ဆိုသူက မူးယစ်ဆေးဝါးများ တဆင့်ဝယ်ယူ၍ မုံရွာမြို့တွင်း ပြန်လည်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း အမှုစစ်ရဲ အရာရှိမှ သိရှိခဲ့ရသည်။ ထို့ကြောင့် မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့်အဖွဲ့သည် အောက်တိုဘာ ၃၀ ရက်နေ့ မနက်မှ စတင်၍ နှစ်လောင်းပြိုင် လူသတ်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု မသင်္ကာသူ ကောင်းကောင်း(ခ) ကောင်းခန့်သော်၏ နေထိုင်ရပ်တည်မှုအား လိုက်လံစုံစမ်းခဲ့ရာ ကောင်းကောင်း(ခ) ကောင်းခန့်သော်သည် သီးတင်းကျွတ် လပြည့် အဘိတ်နေ့ရက်တွင် ဇနီးဖြစ်သူနှင့်အတူ မုံရွာနေအိမ်မှ မန္တလေးမြို့ရှိ သူ၏ ယောက္ခမ မိသားစုရှိရာသို့ သွားရောက်ခဲ့ကြောင်း သိရသ့ည်။ ၎င်း မသင်္ကာသူမှာ အောက်တိုဘာ ၂၆ ရက်တွင် မန္တလေးမှ မုံရွာသို့ အတိတ်တစိတ်ပြန်ရောက်လာပြီး အောက်တိုဘာ ၂၇ ရက် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားသည့်နေ့ရက် မနက်တွင် လွန်ခဲ့သော တစ်လခွဲခန့်က မီးဖွားစရိတ်မရှိသဖြင့် ၎င်းမှ ငွေကျပ် သုံးသိန်းဖြင့် ပေါင်နှံထားသည့် ထရစ်ကာ ဆိုင်ကယ်အား ပြန်လည်ရွေးယူခြင်း၊ မုံရွာမြို့ ထန်းတောရပ်ကွက်နေ အမျိုးသမီးတစ်ဦးထံ စုကြေးငွေ ခြောက်သောင်းကျပ်အား ပေးသွင်းခြင်း၊ ကွေ့ကြီးရပ်ကွက်နေ အမျိုးသမီးတစ်ဦးထံမှ ချေးငှားရယူထားသည့် ငွေကြေးများ ပြန်လည်ဆပ်ပေးခြင်း၊ ၎င်း၏ သူငယ်ချင်းနှစ်ဦး အပါအ၀င် အောက်တိုဘာ ၂၇ ရက်ညနေပိုင်းမှစတင်၍ မုံရွာမြို့ မြို့သစ်ရပ်ကွက်အတွင်းရှိ KTV ဆိုင်တစ်ဆိုင်သို့သွားရောက်၍ သီချင်းဆိုစားသောက်ခဲ့ရာ ကုန်ကျစရိတ် ငွေကျပ် လေးသိန်းနီးပါးရှိခဲ့ခြင်း၊ သူ၏ဖနီးဖြစ်သူထံ အသေးသုံးငွေအဖြစ် ငွေကျပ်လေးသိန်းအား ပေးအပ်ခဲ့ခြင်း၊ ဖနီးသည်မှ မီးဖွားစရိတ်အဖြစ် ပေါင်းနှံထားသည့် ရွှေထည်ပစ္စည်းအချို့အား ပြန်လည်ရွေးယူပေးခြင်း စသည့် သတင်းအချက်အလက်များအား ရဲအုပ် ရဲအောင်နှင့်အဖွဲ့က စုံးစမ်းသိရှိခဲ့ရသည်။ ထို့ကြောင့် အောက်တိုဘာ ၃၁ ရက်နေ့တွင် စစ်ကိုင်းတိုင်ူဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း၏ အနီးကပ် ကြီးကြပ်ကွက်ကဲမှုများကို ရယူ၍ အမှုစစ်ရဲအရာရှိ ရဲအုပ် ရဲအောင်နှင့်အဖွဲ့သည် တိုင်းမှုကူဌာနစု ဌာနစုမှူး ဒုရဲမှူး မိုးသူ ၊ မုံရွာခရိုင် မှုခင်းနှိမ်နင်းရေးဌာနစု ဌာနစု အဖွဲ့ခေါင်းဆောင် ရဲအုပ် လင်းထက်နိုင်၊ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး မှုခင်းတပ်ဖွဲ့ခွဲရုံး( မုံရွာ)အဖွဲ့နှင့် ပူးပေါင်း၍ ကောင်းကောင်း(ခ) ကောင်းခန့်သော်အား ဖမ်းဆီးနိုင်ရန်အတွက် လိုက်လံရှာဖွေခဲ့ကြသည်။
အဆိုပါ ပူးပေါင်းအဖွဲ့မှ လိုက်လံရှာဖွေလျက်ရှိသှော ကောင်းကောင်း(ခ) ကောင်းခန့်သော် ဆိုသူမှာ သူ၏ ဇနီးသည်နေထိုင်ရာ မန္တလေးမြို့မှ တဆင့် ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း စုံးစမ်းသိရှိရသဖြင့် ကောင်းကောင်း(ခ) ကောင်းခန့်သော် အသုံးပြုလျက်ရှိသော အင်တာနက်စာမျက်နှာမှတဆင့် စကားပြောဆိုမှု စည်းရုံးခြင်းများ ပြုလုပ်ခဲ့သည်။


မုံရွာနှစ်လောင်းပြိုင် လူသတ်မှုတွင် ပါဝင်ပတ်သက်သူဟု ရဲတပ်ဖွဲ့မှ သံသယရှိသူ ကောင်းကောင်း(ခ) ကောင်းခန့်သော်မှာ နိဝင်ဘာ ၂ ရက်မနက် ၈ နာရီခွဲအခချိန်ခန့်တွင် တိုင်းမှုကူဌာနစိပ်အဖွဲ့မှ သတင်းအရ စစ်ကိုင်းမြို့ ကားဂိတ်မှ စောင့်ဆိုင်နေစဉ် ဖမ်းဆီးရရှိခဲ့သည်။ ထို့နောက် ရဲဌာန၏ လုပ်ငန်းစဉ်များအရ ထိုသူအား မုံရွဲာပည်သူ့ဆေးရုံကြီး မှုခင်း ဥပဒေရေးရာ ဆရာဝန်ကြီးထံသွားရောက်၍ ဆေးစစ်ချက်များ တောင်းခံရယူခြင်း၊ မုံရွာမြို့နယ် တရားရုံးတွင် အမှုစစ်ဆေးစဉ် ချုပ်နှောင်ခွင့်များတောင်းခံရယူခြင်းများ ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာ ၂ ရက်ည အချိန်တွင် နှစ်လောင်းပြိုင် လူသတ်မှုနှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခဲ့ရာ ထိုသူက အဆိုပါ လူသတ်မှုတွင် ကိုယ်တိုင်ကျူးလွန်ခဲ့ကြောင်း စစ်ဆေးရေးအဖွဲ့ထံ ၀န်ခံထွက်ဆိုခဲ့ပြီးနောက် နိဝင်ဘာ ၂ ရက် ည ၁၁ နာရီအချိန်ခန့်တွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားရာ နေအိမ်သို့သွားရောက်၍ ပြစ်မှုကျူးလွန်စဉ်က တွေကြုံရသော အခြေအနေ အရပ်ရပ်များကို ထိုသူကိုယ်တိုင် ပြန်လည်သရုပ်ပြကာ အမူအရာများဖြင့် ၀န်ခံထွက်ဆိုချက်များပေးခဲ့သည်။


ထို့နောက် ကောင်းကောင်း(ခ) ကောင်းခန့်သော်သည် နှစ်လောင်းပြိုင် လူသတ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သော ဓားတစ်ချောင်းအား ၎င်း၏ နေအိမ် မိလ္လာကျင်းအတွင်းစွန့်ပစ်ခဲ့ကြောင်း ပြောသဖြင့် အမှုစစ်ရဲအရာရှိနှင့် ပူးဒပေါင်းအဖွဲ့က အဆိုပါ မိလ္လာကျင်းထဲမှ အညစ်အကြေးများအား စက်ယန္တရားများဖြင့် ညတွင်းချင်းစုပ်ယူထုတ်ကာ မိလ္လာကျင်းအတွင်း ရှာဖွေစစ်ဆေးကြည့်ရာ ဓားအိမ်ပါ ဓားတစ်ချောင်းအားတွေ့ရှိခဲ့ရသည်။ ထို့အပြင် လူသတ်မှုကျူးလွန်စဉ်က ထိုသူဝတ်ဆင်ခဲ့သော အ၀တ်အထည်များအား မုံရွာ - မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၆၇/၅ နှင့် ၆၇/၆ အကြား လမ်းဘေးတစ်နေရာ ရေကျော်အနီးစွန့်ပစ်ခဲ့ကြောင်း ထပ်မံပြောပြသဖြင့် ပူးပေါင်းရဲအဖွဲ့မှ နိုဝင်ဘာ ၃ ရက် မနက် ၁ နာရီအချိန်က သွားရောက်ရှာဖွေခဲ့ရာ နှစ်လောင်းပြိုင် လူသတ်မှုကျူးလွန်စဉ်က ကျူးလွန်သူ ၀တ်ဆင်ခဲ့သည်ဟု ထင်မြင်ယူဆရသည့် အ၀တ်ထုပ် တစ်ထုပ်အား ကောင်းကောင်း(ခ) ကောင်းခန့်သော်၏ ညွှန်ပြမှုအရ ပူးပေါင်းရဲအဖွဲ့မှ သိမ်းဆီးခဲ့ကြောင်း သိရသည်။


၂၀၁၆ ခုနှစ်အတွင်း နိုင်ငံ့အ၀ှမ်းဖြစ်ပွားခဲ့သော လေးလောင်းပြိုင်၊ သုံးလောင်းပြိုင်၊ နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်စဉ်များအနက် မုံရွာနှစ်လောင်းပြိုင် လူသတ်မှုသည် မှုခင်းဖြစ်ပွားသည့်နေ့ရက်မှ ခုနှစ်ရက်တာ ကာလအတွင်း သက်သေခံပစ္စည်းများနှင့်အတူ ပြစ်ကျူးလွန်သူဟု ၀န်ခံသူကိုပါ ရဲတပ်ဖွဲ့မှ လက်ရဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/monywa.maung

ကျပ် ၁ သောင်းတန် ငွေစက္ကူ အတုများ တာချီလိတ်တွင်ဖမ်းမိ

Posted on No comments

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူထံမှ ငွေကျပ် ၁သာင်းတန် ငွေစက္ကူ အတု သိန်း (၁၀၀)ကျပ် ဖမ်းဆီးရမိခဲ့တယ်လို့  ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာ တွေမှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့က တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်နေ ငွေလဲလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ရွှေမြင့်ထံမှာ  မြို့ခံအမျိုးသမီးတဦးက ထိုင်းဘတ်ငွေကနေ မြန်မာငွေသွားရောက်လဲ လှယ်ခဲ့ရာမှာ ပါလာတဲ့မသင်္ကာဖွယ်ရာ မြန်မာငွေကျပ် တစ်သောင်းတန် ၁၀၀ ရွက်ပါ (၅)အုပ်ကို ကမ္ဘောဇဘဏ်မှာ အတုအစစ်စစ်ဆေးကြည့်ရာ ငွေစက္ကူအတုတွေ ဖြစ်နေကြောင်းသိရှိလို့ ရဲစခန်းကို တိုင်ကြားခဲ့တာလို့ဆိုပါတယ်။

ငွေစက္ကူအတုတွေ လဲလှယ်ပေးခဲ့တဲ့  ငွေလွှဲလုပ်ငန်း လုပ်ကိုင် သူ ဒေါ်ရွှေမြင့်ကို တာချီလိတ်မြို့ မြို့မရဲစခန်းက ခေါ်ယူစစ်ဆေးပြီး ဥပဒေအရ အရေးယူဖို့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

DVB
http://burmese.dvb.no/archives/174516

အသံချဲ့စက်ဖွင့်သူကို ထောင်ဒဏ် ၁၅ ရက် အမိန့်ချ

Posted on Wednesday, November 2, 2016 No comments

ရန်ကုန်၊ နိုဝင်ဘာ ၂

ပုဇွန်တောင်မြို့နယ် (၁၀) ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ၅၁ လမ်းထောင့်၌ အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်အောင် အသံချဲ့စက် ဖွင့်ပြီး ထီလက်မှတ် ရောင်းခဲ့သော အမျိုးသားကို ပုဇွန်တောင်မြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် နိုဝင်ဘာ ၁ ရက်က အမိန့်ချမှတ်လိုက်သည်။

ထောင်ဒဏ် အမိန့်ချမှတ်ခံရသူမှာ သာကေတမြို့နယ် (၂) ရပ်ကွက် မာန်ပြေ - ၂ လမ်းတွင် နေထိုင်သော အသက် ၅၂ နှစ်အရွယ် ဦးခင်မောင်ဦး ဖြစ်ပြီး နိုဝင်ဘာ ၁ ရက် နံနက် ၂ နာရီခွဲက အသံချဲ့စက် ဖွင့်ပြီး ထီလက်မှတ် ရောင်းချခဲ့ကြောင်း ၎င်းအသံချဲ့စက် ဖွင့်သည့်အချိန်မှာ အများသူငါ အိပ်စက်နေချိန် ဖြစ်သောကြောင့် ရန်ကုန်ရဲအက်ဥပဒေဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“အများသူငါ အိပ်လို့ ကောင်းနေချိန်သူက ထီကားနဲ့ အသံချဲ့စက်ကို အကျယ်ကြီး ဖွင့်ပြီး ထီရောင်းခဲ့တယ်။ ပထမ သွားတားမြစ်သေးတယ်။ ဒါပေမဲ့ နောက်ထပ် ပြန်ဖွင့်တာကြောင့် အများသူငါ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အတွက် တရားစွဲဆိုခဲ့တာပါ”ဟု ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အသံချဲ့စက်ကို ကျယ်လောင်စွာဖွင့်ခဲ့သူကို ပုဇွန်မြို့နယ် တွဲဖက်တရားသူကြီးက ရာကြီးအမှတ် ၂၂၁ /၁၆ ဖြင့် လက်ခံစစ်ဆေးပြီး အမှုအကြောင်းအရာ ရှင်းပြ၍ အပြစ်ရှိ၊ မရှိ မေးမြန်းရာ အပြစ်ရှိကြောင်း ၎င်းက ဝန်ခဲ့သည့်အတွက် ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၄၁ -က ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။

The Voice

အောက်ခြေလွတ် ဘဝင်မမြင့်ဖို့ ဦးဝင်းထိန် သတိပေး

Posted on No comments
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဦးဝင်းထိန်နဲ့ နာယက သူရဦးတင်ဦး တို့ကို ရန်ကုန်မြို့ Sky Star Hotel မှာ နိုဝင်ဘာလ ၁ ရက်နေ့ကကျင်းပတဲ့ NLD ရန်ကုန်တိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီဝင်တွေ တွေ့ဆုံပွဲမှာ တွေ့ရစဉ်-Photo: Kyaw Lwin Oo/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေအနေနဲ့ အောက်ခြေလွတ် ဘဝင်မြင့်နေမယ်ဆိုရင် ပြည်သူတွေ ဒဏ်ခတ်တာခံရမယ်လို့ ရန်ကုန်တိုင်း ပါတီဝင်တွေနဲ့ တွေ့ဆုံပွဲမှာ ပါတီကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေကို ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က သတိပေးလိုက်ပါတယ်။

ရန်ကုန်မြို့ တာမွေမြိုနယ်မှာရှိတဲ့ Sky Star Hotel မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီဝင်တွေ ၆ ကြိမ်မြောက်တွေ့ဆုံပွဲမှာ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် က သတိပေးလိုက် တာဖြစ်ပါတယ်။

"လောလောဆယ်မှာတော့ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ခြေလှမ်းမှာ အညှောင့်လေးပေါက်ပြီလို့ နမူနာ ပေးချင်ပါတယ်၊ အဲအညှောင့်ပေါက်ကို နောက်လေးနှစ်ခွဲအတွင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ဝင်တွေ အထူးသဖြင့် တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ကြိုးစားပြီးဆောင်ရွက်ခြင်းအားဖြင့် အဲဒီ ဒီမိုကရေစီအညှောင့်လေးက အပင်ဖြစ်လာမယ်၊ ဒီ ၅ နှစ်နဲ့ ကျနော်တို့ အောင်မြင်မယ်လို့ မယုံကြည်သေးဘူး၊ ပြည်သူလူထုအကျိုး ဖန်တီးခြင်းအားဖြင့် ကျနော်တို့ကို ပြည်သူလူထုက ဆက် လက်ထောက်ခံရင် ၂၀၂၀ ရွေးကောက်ပွဲမှာ ဆက်လက်တာဝန်ယူရမယ်၊ အဲလိုမှမဟုတ်ဘဲ အောက်ခြေ လွတ်နေမယ် ဘဝမြင့်နေမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပြောသလို ပြည်သူလူထု ဒဏ်ခတ်တာ ခံရလိမ့်မယ်လို့ ကြုံတုန်းသတိပေးချင်တယ်" လို့ ပြောတာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေဖြစ် တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဦးဝင်းထိန်၊ ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ရန်ကုန်တိုင်း ခရိုင် မြို့နယ်အဖွဲ့ဝင်တွေ တက်ရောက်ကြပါတယ်။

တက်ရောက်လာတဲ့ တိုင်း၊ ခရိုင်၊ မြို့နယ် ကိုယ်စားလှယ်တွေက မြို့နယ်အသီးသီးမှာ ဖြစ်ပေါ်နေတဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ တင်သွင်းဆွေးနွေးကြတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/

တရုတ်အလှကုန် ၇ မျိုး သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဌာနကြေညာ

Posted on No comments

တရုတ်နိုင်ငံထုတ် အလှကုန်ပစ္စည်း ၇ မျိုးဟာ ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရတဲ့အတွက် သုံးစွဲဖို့ မသင့်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။

ဒါ့အပြင် အဲဒီအလှကုန်တွေဟာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်တမ်းတင်ထားခြင်း မရှိဘူးလို့လည်းဆိုပါတယ်။

တရုတ်စာတွေနဲ့ တရုတ်ကုမ္ပဏီက ထုတ်လုပ်တဲ့ အဲ့ဒီဆေး ၇ မျိုးမှာ အဆိပ်သင့် ဓာတုပစ္စည်း မာကျူရီ(ပြဒါး) ပါဝင်နေပြီး ပြဒါးကြောင့် အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူ အနီကွက်များ ဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူပြီး ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခု ကျန်းမာရေးဌာနက သုံးစွဲရန်မသင့်ဘူးလို့ ကြေညာခဲ့တဲ့ အလှကုန်ပစ္စည်းတွေဟာ အသားအရေလိမ်းဆေးတွေ ဖြစ်ပြီးအမှတ်တံဆပ်နဲ့ အမျိုးအစားတွေကတော့  JIAO LI Whitening Spots Removing Acne Kit (A,B,C) ၊ QIAN LI Spots Removing Cream ၊zhanghua yao bao ၊ S’Zitang Purely Natural Plant 7 Days Strong Whitening Anti-Speckle A & B Kit ၊ HUA YUE NONG Egg White & Cherry 7 Days Specific Eliminating Freckle Whitening Cream ၊ HUA YUE NONG 7 Days Plastic Whitening Regeneration Cream နဲ့ Specific Eliminating Freckle Cream  တို့ ဖြစ်ပါတယ်။

အလှကုန်ပစ္စည်း တင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ လက်လီလက်ကား အရောင်းဆိုင်တွေ အနေနဲ့ အဲ့ဒီအလှကုန်ပစ္စည်းတွေကို တင်သွင်းရောင်းချတာ မလုပ်ကြဖို့နဲ့ မလိုက်နာရင် ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရ အရေးယူမယ်လို့လည်း ကျန်းမာရေး ဌာနက အသိပေးထားပါတယ်။

ဒီဗွီဘီ
http://burmese.dvb.no/

အကြမ်းဖက်သမားများ ယူဆောင်သွားသည့်အထဲမှ သေနတ် ၁၉ လက်နှင့် ကျည်ဆံ ၃၀၀၀ ကျော်ပြန်ရပြီ

Posted on No comments
(ဓာတ်ပုံ- ယနေ့ သိမ်းဆည်းရမိသော အမ်အေ ၁၁ သေနတ်/ ကကပြည်)

 နိရဉ္စရာ၊ နိုဝင်ဘာ ၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျီးကန်းပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် အားတိုက်ခိုက်ပြီး လက်နက်တိုက်ကို ဖောက်ထွင်း ယူဆောင်သွားသည့် လက်နက်များ အထဲမှ အမ်အေ ၁၁ သေနတ်တစ်လက်၊ ၎င်းကျည်အိမ် ၁ခု၊ ကျည်ဆံ ၂၀ တို့ကို ယနေ့တွင် ရှာဖွေ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်နှင့် နယ်ခြားစောင့်ရဲ ပူးပေါင်းတပ်ဖွဲ့မှ မောင်တောမြို့နယ် အတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် ယနေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် သက္ကယ်ပြင်ရွာနှင့် ၀ါးပိတ်ရွာအကြား စပါးခင်းအတွင်းမှ ၎င်းသေနတ်နှင့် ကျည်ဆန်များကို သိမ်းဆည်းရမိသည်ဟု ကကပြည်က ပေးပို့သော သတင်းတွင် ဖော်ပြသည်။

ယမန်နေ့ထိ အကြမ်းဖက်သမားများ ယူဆောင်သွားသည့် သေနတ် ၁၈ လက်နှင့် ကျည်ဆန် ၃၀၀၀ ကျော်အား ပြန်လည် သိမ်းဆည်း ရမိထားပြီ ဖြစ်ကြောင်း အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရ စန်းလွှင်က မီဒီယာများသို့ ထုတ်ဖော်ပြောကြားသည်။

သို့အတွက် ယနေ့ သိမ်းဆည်းရမိသော လက်နက် ၁လက်အအပါအ၀င် ပြန်လည် ရရှိသော သေနတ် အရေအတွက်မှာ ယခုအခါ ၁၉ လက်နှင့် ကျည်ဆံ ၃၀၀၀ ကျော်သွာပြီ ဖြစ်သည်။

အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ယူဆောင်သွားသည်မှာ လက်နက်မျိုးစုံ ၆၂ လက်၊ ကျဉ်မျိုးစုံအတောင့် ၁၀၁၃၀၊ လှံစွပ်တစ်ခု၊ ကျည်အိမ် ၂၇ ခု တို့ ဖြစ်ကြောင်း ကြေးမုံ သတင်းစာအရ သိရသည်။

အကြမ်းဖက်သမားများ လက်ထဲတွင် သေနတ်များ ရှိနေပါက လုံခြုံရေး တပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်ခြင်း၊ တိုင်းရင်းသား ကျေးရွာသားများကို ခြိမ်းခြောက်မှုများ၊ ဘင်္ဂလီအချင်းချင်း လက်နက်အားကိုးဖြင့် ဓါးပြတိုက်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ကျန်ရှိနေသော လက်နက်များကို ပြန်လည်ဖော်ထုတ်ပြီး သိမ်းဆည်းရမိရန် တပ်မတော် စစ်ကြောင်းများက ကြံဆောင် ကြိုးစားလျက် ရှိကြောင်း မောင်တောမြို့နယ်မှ တာဝန်ရှိသူများက ပြောကြားသည်။

(ဓာတ်ပုံ- ယနေ့ သိမ်းဆည်းရမိသော အမ်အေ ၁၁ သေနတ်/ ကကပြည်)


နိရဉ္စရာ၊

https://www.facebook.com/Narinjara-151742128171206/

မိုင်းလားနှင့် ကျိုင်းတုံကြားရှိ တာပင်းဂိတ် ပိတ်ထားဆဲဖြစ်ပြီး မိုင်းလားဒေသမှ ‘၀’ တပ်ဖွဲ့များ ဆုတ်ခွာခြင်း မရှိသေး

Posted on No comments

မိုင်းလားနှင့် ကျိုင်းတုံကြားရှိ တာပင်းဂိတ်အား ပိတ်ထားဆဲဖြစ်ပြီး မိုင်းလားဒေသ မှ ‘၀’ တပ်ဖွဲ့များ ဆုတ်ခွာခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။

ရှမ်းပြည်နယ်၊ အရှေ့တောင်ပိုင်း၊ အထူးဒေသ-၄ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA) မိုင်းလားနယ်မြေအတွင်း စက်တင်ဘာလကုန်ပိုင်း ကတည်းက ရောက်ရှိနေသည့် ‘၀’ သွေးစည်းညီညွတ်ရေး ပါတီ၏ UWSA တပ်ဖွဲ့များ အောက်တိုဘာ ၂၄ ရက် တွင် နောက်ဆုံးထား ပြန်လည်ဆုတ်ခွာရန် တပ်မတော်က အကြောင်းကြားထားသော်လည်း ဆုတ်ခွာခြင်း မရှိသေးသည့် အခြေအနေဖြစ်သည်။

‘‘အခု သွားလို့မရသေးဘူး ပြောတယ်။ ကားတွေလည်း မရသေးဘူး။ ဟိုမှာပိတ်ထားတယ်။ ဒီကပိတ်တာပေါ့။ တာပင်းက ဒို့ပြည်ထောင်စုက ပိတ်တာပေါ့။ တပ်မတော်ကတော့ ရှိတာပေါ့။ လုံခြုံရေး ကင်းပုန်းတွေကတော့ ရှိတာပေါ့။ သူ့နယ်မြေမှာ သူနေပါတယ်တဲ့ မိုင်းလားနယ်မြေမှာ လာကျူးကျော်တာ မဟုတ်ဘူးတဲ့။ သူတို့အနေနဲ့ ပြန်ဆုတ်သွားပြီပေါ့။ မိုင်းလားမှာ မနေတော့ဘူးလေ။ တစ်ရက်၊ နှစ်ရက်ပဲ သူတို့လာတာ ကင်းလှည့်တဲ့ သဘောပဲ။ သူ့နယ်မြေ သူပြန်သွားပါပြီ။ အခုလူတွေ သွားသွားလာလာ ရှိတာပေါ့။ မိုင်းယန်းဘက်သွားရင် ဘာမှမဖြစ်ဘူး။ မိုင်းယန်းဘက်ကို သွားလို့ရတယ်။ ဒီတာပင်းတစ်ခုပဲ ပိတ်ထားတုန်း’’ ဟု ကျိုင်းတုံအခြေစိုက် ရှမ်းပြည်နယ် အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးဟောင်ခမ်းက နိုဝင်ဘာ ၁ ရက်တွင် ပြောကြားသည်။

သို့ရာတွင် အခြားသော သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ မိုင်းလားဒေသတွင် ‘၀’ တပ်ဖွဲ့များ ရှိနေဆဲဖြစ်ကြောင်း သိရသည်။ ‘၀’ တပ်ဖွဲ့များ မိုင်းလားဒေသတွင် ဆက်လက်ရှိနေမှုနှင့် ပတ်သက်၍ မေးမြန်းရန် ‘၀’ အဖွဲ့ဌာနချုပ် တာဝန်ရှိသူများနှင့် ကျိုင်းတုံဆက်ဆံရေးရုံး တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ဘဲ  ‘၀’ အဖွဲ့၏ လားရှိုးဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်းက ခရီးဝေးရောက်နေ၍ လက်ရှိ အခြေအနေအား မသိရှိကြောင်း ဆိုသည်။

မိုင်းလားဒေသတွင် ‘၀’ တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာရန် သတ်မှတ်ရက် ကျော်လွန်လာပြီးနောက် အောက်တိုဘာ ၂၇ ရက်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက လားရှိုးဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်းကို ခေါ်ယူတွေ့ဆုံမှု ပြုလုပ်ထားသည်။

အဆိုပါ တွေ့ဆုံမှုတွင် တပ်မတော်ဘက်က ‘၀’ အဖွဲ့အား မိုင်းလားဒေသကိစ္စကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ပြောကြားကြောင်း၊ တပ်မတော် အနေဖြင့်လည်း မဟာမိတ် ညီအစ်ကိုအချင်းချင်း ဖြစ်သည့်ကိစ္စအား ပါဝင်မပတ်သက်စေလိုကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ဦးညီရန်းက အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားထားသည်။

မိုင်းလားနယ်မြေအတွင်း  ၀ တပ်ဖွဲ့များ ရှိနေမှုအား ဖြေရှင်းနိုင်ရန်အတွက် ‘၀’ အဖွဲ့၏ ကိုယ်စားလှယ်အဖြစ် ဦးပေါက်ယိုလျှံနှင့် မိုင်းလားအဖွဲ့၏ ကိုယ်စားလှယ်အဖြစ် ဦးခမ်းမောင်တို့သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လန်ချန်းခရိုင် စီးမောဝ့်မြို့တွင် တွေ့ဆုံပြီး တရုတ်အစိုးရ ကိုယ်စားလှယ်က ကြားဝင်ဆွေးနွေး ပေးနေကြောင်း ရှမ်းပြည်နယ် သတင်းများ အစဉ်တစိုက် ဖော်ပြလျက်ရှိသည့် သျှမ်းသံတော်ဆင့် သတင်းဌာန၏ Facebook စာမျက်နှာတွင် အောက်တိုဘာ ၂၈ ရက်ကသတင်း ဖော်ပြခဲ့သည်။

အလားတူ သျှမ်းသံတော်ဆင့် သတင်းဌာန၏ Facebook စာမျက်နှာတွင် အောက်တိုဘာ ၃၀ ရက်က သတင်းဖြော်ပချက်အရ ရှမ်းပြည်နယ် အရှေ့တောင်ပိုင်း ပေါင်းကူးတံတားဖြစ်သည့် တာ့ဆန်း သံလွင်မြစ်ကူးတံတား ဘက်တွင် ‘၀’ တပ်ဖွဲ့များ တပ်အင်အား ဖြည့်လာနေသည့် သတင်းကြောင့် တပ်မတော် စစ်ကြောင်းများက အဆိုပါ ဒေသဘက်သို့ အင်အားတိုး ဖြည့်လာနေကြောင်း သိရသည်။

စစ်ရေးတင်းမာမှုများကြောင့် ကျိုင်းတုံနှင့် မိုင်းလားအကြားရှိ တာပင်းဂိတ် အပါအ၀င်  ဆက်သွယ်ရေး လမ်းကြောင်းအရ အရေးပါသည့် ဂိတ်များအား တပ်မတော်ဘက်က ယာယီပိတ်ထားပြီး မိုင်းလားဒေသနှင့် မိုင်းယန်းဒေသရှိ ဒေသအခံအချို့ ကျိုင်းတုံ၊ တာချီလိတ် ဒေသများသို့ ခေတ္တတိမ်းရှောင်မှုများ ရှိကြောင်း သတင်းဖော်ပြမှုများအရ သိရသည်။                             
Writer: ကျော်ဇင်ဝင်း

Eleven Media Group
http://www.news-eleven.com/

သင်္ဃန်းကျွန်း၌ နေ့ခင်းကြောင်တောင် နေအိမ်ထဲဝင် အနုကြမ်းစီး

Posted on No comments
အခင်းဖြစ်ပွားသည့် အိမ်အားတွေ့ရစဉ် (ဓါတ်ပုံ-ခိုင်စိုးလင်း)


ရန်ကုန်၊ နိုဝင်ဘာ ၁

သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက် ပြည်တော်အေးလမ်းတွင် အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က အမျိုးသားနှစ်ဦး နေအိမ်ထဲဝင်ရောက်ပြီး အိမ်ရှင်အမျိုးသမီးကို ချွှန်ထက်သောအရာဖြင့် ထောက်ကာ လက်ဝတ်ရွှေထည်ပစ္စည်းများ လုယက်ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့မ ရဲစခန်းထံမှ သိရသည်။

"အစ်မရေလို့ခေါ်သံကြားမိတာကြောင့် ကျွန်မက နောက်ဖေးမှာ ငါးနွင်ရာက အိမ်ရှေ့ခန်း ထွက်လာတယ်။ အမျိုးသား နှစ်ယောက်က အိမ်ထဲ ရောက်နေပြီး တစ်ယောက်က ကျွန်မဗိုက်ကို ချွှန်တဲ့အရာတစ်ခုခုနဲ့ လှမ်းထောက်ပြီး မအော်နဲ့ပြောတယ်။ နောက်ဖေးကို ဆွဲခေါ်သွားပြီး ဝတ်ထားတဲ့ နားကပ်နဲ့ လက်ကောက်နှစ်ကွင်းကို ဆွဲဖြုတ်ယူတယ်။ တစ်ယောက်က အိမ်ထဲ မွှေပြီး ဘီရိုထဲမှာ သိမ်းထားတဲ့ ရွှေဆွဲကြိုးကို ယူသွားတယ်။ သူတို့ပြန်ထွက်သွားတော့ အော်ဟစ်အကူအညီ တောင်းချင်ပေမယ့် ကြောက်လန့်နေလို့ ကျွန်မအသံတွေ မထွက်တော့ဘူး"ဟု အနုကြမ်းစီးခံရသည့် အိမ်ရှင်အမျိုးသမီးက ပြောသည်။

အနုကြမ်းစီး လုယက်ခံရသည့် နေအိမ်ဘေးတွင် လက်ဖက်ရည်ဆိုင်ရှိပြီး နေ့ခင်းကြောင်တောင် လမ်းအတွင်း လူအများစည်ကားစွာသွားလာချိန် လူစိမ်းနှစ်ဦး နေအိမ်ထဲ ဝင်ရောက်လုယက်ခဲ့သောကြောင့် ရပ်ကွက်နေသူများမှာ ထိတ်လန့်ကြောက်ရွံ့နေပြီး ၎င်းတို့၏ နေအိမ်တံခါးများကို သော့ခတ်ထားရကြောင်း ပြည်တော်အေးလမ်းနေသူများထံမှ သိရသည်။

လွတ်မြောက်နေဆဲဖြစ်သော လုယက်မှု ကျူးလွန်ခဲ့သူနှစ်ဦးကို သင်္ဃန်းကျွန်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်စုံစမ်းနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ဓာတ်ပုံ - ခိုင်စိုးလင်း

The Voice
http://thevoicemyanmar.com/
Don't Miss