Responsive Ad Slot

Latest

Sports

မိတ္ထီလာပဋိပက္ခ အိမ်မဲ့ခဲ့သူတွေကို အိမ်ပြန်မပေးဖို့ ကန့်ကွက်

Posted on Sunday, October 2, 2016 No comments
၂၀၁၃ခုနှစ် မတ်လက ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာ အဓိကရုဏ်း အတွင်း လူ၄၀ ကျော် သေဆုံးခဲ့

မိတ္ထီလာမြို့မှာ ၂၀၁၃ ခုနှစ်က ဖြစ်ခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းကြောင့် အိုးမဲအိမ်မဲ့ ဖြစ်သွားတဲ့ အစ္စလာမ် ဘာသာဝင်တွေက သူတို့ မူလပိုင်တဲ့ ရန်မျိုးအောင် ရပ်ကွက် မင်္ဂလာဇေရုံရပ်က နေရာဟောင်းမှာ ပြန်နေဖို့ ကြိုးစားခဲ့ရာမှာ ခွင့်မပြုတဲ့ အဖွဲ့အစည်း တချို့နဲ့ အောက်တိုဘာလ ၁ရက်နေ့က အချေအတင် ဖြစ်ခဲ့ကြပါတယ်။


အဲဒီလူတွေကို ထားထားတဲ့ ဒုက္ခသည်စခန်း ဖျက်လိုက်အပြီးမှာ တချို့က ချမ်းအေးသာယာ ရပ်ကွက်မှာ ခိုကပ်နေပြီး တချို့က ခရိုင် အားကစားကွင်းထဲမှာ ခိုလှုံနေခဲ့ကြောင်းနဲ့ ပြီးခဲ့တဲ့လကတော့ အဲဒီနေရာကနေ ဖယ်ပေးဖို့ မဟုတ်ရင် ကျူးကျော်မှုနဲ့ တရားစွဲမယ် ဆိုပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ခဲ့တဲ့အတွက် ကိုယ့်နေရာ ကိုယ်ပြန်နေဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ကြောင်း မိတ္ထိလာမြို့က ထီလာသုခ သမဂ္ဂီ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ဘီဘီစီကို ပြောပါတယ်။

အနီးအနားက လူပုဂ္ဂိုလ် အဖွဲ့အစည်း တချို့က မွတ်ဆလင်တွေ ပြန်လာနေတာကို လက်မခံဘူး ဆိုပြီး ကန့်ကွက်ခဲ့တာလို့ သိရပါတယ်။

သူတို့ရဲ့ အိမ်ပိုင်ဆိုင်မှု စာရွက်စာတမ်း အထောက်အထားတွေကို အရင်အစိုးရ လက်ထက်ကတည်းက သက်ဆိုင်ရာ အာဏာပိုင်တွေထံ အကြိမ်ကြိမ် ပြခဲ့ပေမယ့် လူပုဂ္ဂိုလ် အဖွဲ့အစည်း တချို့က ကန့်ကွက်နေတဲ့အတွက် လက်မခံတာလို့ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ ခုနှစ်တွေ တလျှောက်လုံး ဌာနဆိုင်ရာ အာဏာပိုင်တွေက အကြောင်း ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

နေရပ်ဟောင်းမှာ ပြန်နေခွင့် မရတဲ့အတွက် တချို့က ရသမျှဈေးနဲ့ သူတို့ မြေနေရာတွေကို ရောင်းချသွားခဲ့တယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။

စာရင်းဇယားတွေအရ မိတ္ထီလာမြို့ ဘာသာရေး ပဋိပက္ခကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်နေဆဲ လူဦးရေ ၂၀၀၊ မိသားစု ၈၀ ကျော်လောက် ရှိတယ်လို့လည်း သူက ပြောပါတယ်။

BBC ( မြန်မာပိုင်း )
http://www.bbc.com/burmese

အိမ်ထောင်မပြုမနေရ ဥပဒေသစ် လွှတ်တော်တွင် ဆွေးနွေးခြင်းမရှိ

Posted on No comments
ပြည်သူ့လွှတ်တော် ကျင်းပနေသည့်မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)


    အိမ်ထောင်မပြုမနေရဥပဒေသစ် လွှတ်တော်တွင်ဆွေးနွေး ဟုသည့် အင်တာနက်တွင် ပျ့ံ နှံ့နေသည့် သတင်းသည် မှန်ကန်မှုမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်တချို့က ဆင်ဟွာသို့ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက “ ကျွန်တော်လည်း အင်တာနက်မှာ အဲဒီသတင်းတွေ့လိုက်ပါတယ်။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးတာ မရှိပါဘူး။  အိမ်ထောင်မပြုမနေရ ဆိုတဲ့ ကိစ္စက အစကတည်း မဖြစ်နိုင်တာကြီးပါ ။ လွှတ်တော်မှာ ဒီကိစ္စကြီး ဆွေးနွေးဖို့လည်း မရှိပါဘူး’’ ဟုပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဝင်းသိန်းက “အိမ်ထောင်မပြုမနေရဆိုတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးနေတာ မရှိပါဘူး။ ဆွေးနွေးဖို့လည်း မရှိပါဘူး’’ ဟုပြောသည်။

အင်တာနက် သတင်းတစ်ရပ်တွင်တော့ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ အိမ်ထောင်မပြုသူ အများဆုံးနိုင်ငံ  စာရင်းတွင် ပါဝင်နေပြီး၊ အိမ်နီးချင်းနိုင်ငံများ နှင့်ယှဉ်လျှင် လူဦးရေကွာခြားမှု မြင့်မားလျှက်ရှိကြောင်း၊ အဆိုပါကိစ္စ နှင့် ပတ်သက်ပြီး လူဦးရေ အချိုးအစား နှင့် အိမ်ထောင်ပြုခြင်းဆိုင်ရာ ဥပဒေသစ်တစ်ရပ်အား လွှတ်တော်တွင်ဆွေးနွေးလျက်ရှိကြောင်း ဟူ၍ ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၇၃ ကျပ်အထိ မြင့်တက်လာပြီး လက်ရှိ အစိုးရလက်ထက်တွင် အနိမ့်ဆုံး ဖြစ်ပေါ်ခဲ့သော ငွေလဲနှုန်း ၁၁၅၃ ကျပ်နှင့် နှိုင်းယှဉ်ပါက မြန်မာကျပ်ငွေတန်ဖိုး ငါးလကျော်ကာလအတွင်း ၁၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်း

Posted on No comments
ရန်ကုန်မြို့အတွင်းရှိ နိုင်ငံခြားငွေ ရောင်းဝယ်ရေး ကောင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အောက်တိုဘာ ၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၇၃ ကျပ်အထိ မြင့်တက်လာပြီး လက်ရှိအစိုးရလက်ထက်တွင် အနိမ့်ဆုံးဖြစ်ပေါ်ခဲ့သော ငွေလဲနှုန်း ၁၁၅၃ ကျပ်နှင့် နှိုင်းယှဉ်ပါက မြန်မာကျပ်ငွေ တန်ဖိုး ငါးလကျော် ကာလအတွင် ၁၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်နေသူများထံမှ သိရသည်။

စက်တင်ဘာ ၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း ၁၂၁၅ ကျပ်ဝန်းကျင်သာရှိပြီး အောက်တိုဘာ ၁ ရက်တွင် ၁၂၇၃ အထိ မြင့်တက်လာခြင်းကြောင့် တစ်လအတွင်း ၅၈ ကျပ် မြင့်တက်လာခဲ့ရာ ရာခိုင်နှုန်းအားဖြင့် မြန်မာကျပ်တန်ဖိုးသည် တစ်လအတွင်း ၄ ဒသမ  ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်။ သြဂုတ် ၁၉ ရက်နေ့ထိ နိုင်ငံခြားငွေလဲနှုန်းသည် တစ်ဒေါ်လာ ကျပ် ၁၂၀၀ အောက်တွင်သာရှိပြီး သြဂုတ် ၂၀ ရက်မှ စတင်ကာ ၁၂၀၀ ဈေးတန်းကို ကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ ၁ ရက်တွင် ၁၂၁၅   ကျပ်ရှိခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် စက်တင်ဘာလအတွင်း လက်ရှိအစိုးရလက်ထက် အမြင့်ဆုံး ဈေးနှုန်းများအဖြစ် ဆက်တိုက်မြင့်တက်ခဲ့ပြီး အောက်တိုဘာ ၁ ရက်တွင် ၁၂၇၃ ကျပ်အထိ စံချိန်တင်ဈေး ဆက်လက်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၇ ရက်နှင့် စက်တင်ဘာ ၃၀ ရက်တို့တွင် စံချိန်တင်ဈေးနှုန်းအဖြစ် ရောက်ရှိခဲ့သော တစ်ဒေါ်လာ ကျပ် ၁၂၇၀ ကို အောက်တိုဘာ ၁ ရက်တွင် ဆက်လက် ကျော်ဖြတ်ခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီတွင် ကျပ် ၁၂၇၀ ဖြင့် ဈေးဖွင့်ခဲ့ပြီးနောက်ပိုင်းတွင် ၁၂၇၃ ကျပ်အထိ ဆက်လက်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သော တစ်ပတ်တာကာလအတွင်း ရက်အလိုက် အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းထားများမှာ စက်တင်ဘာ ၂၅ ရက်တွင် ၁၂၅၆ ကျပ်၊ စက်တင်ဘာ ၂၆  ရက်တွင် ၁၂၆၆ ကျပ်၊ စက်တင်ဘာ ၂၇ ရက်တွင် ကျပ် ၁၂၇၀ ၊ စက်တင်ဘာ ၂၈ ရက်တွင် ၁၂၆၂ ကျပ်၊ စက်တင်ဘာ ၂၉ ရက်တွင် ၁၂၆၁  ကျပ်၊ စက်တင်ဘာ ၃၀ ရက်တွင် ကျပ် ၁၂၇၀၊ အောက်တိုဘာ ၁ ရက်အတွင်း ဖြစ်ပေါ်သော အမြင့်ဆုံးနှုန်းထားမှာ ၁၂၇၃ ကျပ်ဖြစ်ပြီး  အနိမ့်ဆုံးနှုန်းထားမှာ ကျပ် ၁၂၇၀ ဖြစ်ကြောင်း သိရသည်။

ပြင်ပဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်မြင့်တက်ခဲ့ခြင်းကြောင့်  ဗဟိုဘဏ်ကလည်း ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို စက်တင်ဘာ ၂၇ ရက်မှစ၍ စက်တင်ဘာ ၃၀ ရက်အထိ နေ့စဉ် ငါးကျပ်စီ တိုးမြင့်ခဲ့ရာ ဗဟိုဘဏ် ရည်ညွှန်းနှုန်းမှာ တစ်ဒေါ်လာ ၁၂၅၅ ကျပ်အထိ ရောက်ရှိခဲ့သည်။

တစ်ပတ်အတွင်း ဗဟိုဘဏ် ရည်ညွှန်းနှုန်းများမှာ စက်တင်ဘာ ၂၆ ရက်တွင် တစ်ဒေါ်လာ ၁၂၃၅ ကျပ်၊ စက်တင်ဘာ ၂၇ ရက်တွင် ကျပ် ၁၂၄၀ ၊ စက်တင်ဘာ ၂၈ ရက်တွင် ၁၂၄၅ ကျပ်၊ စက်တင်ဘာ ၂၉ ရက်တွင် ကျပ် ၁၂၅၀ ၊ စက်တင်ဘာ ၃၀ ရက်တွင် ၁၂၅၅ ကျပ်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

သြဂုတ်လနှောင်းပိုင်းမှစပြီး လက်ရှိအချိန်အထိ ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းနှင့် ပတ်သက်၍ စီးပွားရေးပညာရှင် ဒေါက်တာလှမောင် (အငြိမ်းစားသံအမတ်ကြီး) က “အခုတစ်ခေါက်ကတော့ ဘဏ်တချို့ရဲ့ ခေါ်ယူအပ်ငွေ စာရင်းတွေ၊ စာရင်းသေအပ်ငွေတွေရဲ့ ဘဏ်တိုးနှုန်းကို လျှော့တာနဲ့ ဆိုင်တယ်၊ နောက်တစ်ခုက ဘဏ်တွေနဲ့ ဗဟိုဘဏ်မှာ နိုင်ငံခြားငွေတွေ နည်းနေပြီလားပေါ့။ လူတွေက အမျိုးမျိုး ထင်မြင်ယူဆကြပါတယ်။ ၀ယ်လိုအား၊ ရောင်းလိုအားအရ ဒေါ်လာ ၀ယ်လိုအားကလည်း အရမ်းကောင်းနေတာကို။ နောက်တစ်ခုက MLM ကိစ္စ၊ သူကလည်း ဒီကရတဲ့ အကျိုးအမြတ်တွေကို ဒေါ်လာအဖြစ်ပြောင်းပြီး နိုင်ငံအပြင်ဘက်ကို ယူထုတ်တယ်လို့ တချို့ကလည်း ပြောကြတယ်။ နဂိုကတည်းက မြန်မာမှာ ကုန်သွယ်ရေး လိုငွေ၊ ဘတ်ဂျက်လိုငွေ ကျနေတယ်၊ အရင်ဝင်နေတဲ့ ကျောက်စိမ်းတို့၊ မူးယစ်ဆေးတို့ကရတဲ့ ဒေါ်လာတွေလည်း အ၀င်နည်းသွားတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကလည်း ထင်သလောက် မ၀င်လာသေးဘူး။ အစိုးရ လိုငွေတွေများတော့ ငွေကြေးဖောင်းပွမှုနှုန်းက များနေတယ်။ အဲဒါက ဒေါ်လာဈေးကို တက်စေတယ်။ လိုငွေက အရင်နှစ်တွေ အများကြီးကတည်းက ပြနေတာ။ ဒါပေမဲ့ အခု အစိုးရလက်ထက်မှာလည်း ထင်သလောက် မလျှော့နိုင်ဘူး။ အသုံးစရိတ်က ကြီးတယ်။ ဟိုဟာလုပ်မယ်၊ ဒီဟာလုပ်မယ်နဲ့ သတင်းတွေ ထွက်တယ်။ ထွက်တဲ့သတင်းတွေကလည်း ကုန်ကျစရိတ်များတဲ့၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်သွားနိုင်တဲ့ သတင်းတွေဆိုတော့ ဒေါ်လာဈေးမြင့်ဖို့ အလားအလာ ကောင်းသွားတယ်။ အဲဒီတော့ ဒီလို သတင်းအမျိုးမျိုးကြောင့်ဖြစ်တဲ့ ငွေကြေးဆိုင်ရာ အခြေအနေတွေကို ဗဟိုဘဏ်က အများပြည်သူရှေ့ ထွက်ရှင်းရမယ်။ တကယ့်အခြေအနေမှန်၊ ဖြစ်လာနိုင်တဲ့အခြေအနေကို အများပြည်သူကို ပြောပြဖို့သင့်တယ်။ အစိုးရကလည်း အကျပ်အတည်းကာလမှာ အသုံးစရိတ် ချွေတာသင့်တယ်၊ ငွေကြေးဖောင်းပွမှုနှုန်းထပ် မြင့်စေနိုင်တဲ့ လှုပ်ရှားမှုမျိုး အခုချိန်မှာ မလုပ်သင့်ဘူး” ဟု ထင်မြင်သုံးသပ်သည်။
Writer:
စည်သူအောင်

အိမ်အကူလုပ်ရမည်ဟုဆိုကာ အသက်မပြည့်သူမိန်းကလေးငယ်ကို ပြည့်တန်ဆာအဖြစ် စေခိုင်းသူအမျိုးသားကို လူကုန်ကူးမှုဖြင့် ဖမ်းဆီးအရေးယူ

Posted on No comments
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ်တဦးကို အိမ်အကူအဖြစ်ခေါ်ဆောင်ခဲ့ပြီး ပြည်တန်ဆာလုပ်ခိုင်းသူအမျိုးသားတဦးအား စက်တင်ဘာ ၂၉ ရက်နေ့က လူကုန်ကူးမှုဖြင့် အမှုဖွင့်ဖမ်းဆီးထားပြီး ပါဝင်ပတ်သက်သူလေးဦးကို ဆက်လက်ရှာဖွေလျှက်ရှိကြောင်း လှိုင်သာယာမြို့မရဲစခန်းမှ သိရသည်။

အမှုဖြစ်စဉ်မှာ ရှမ်းချောင်းရွာနေ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တဦးကို ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့က မိဘများမရှိခိုက် တရွာတည်းနေ ဒေါ်ဌေးနှင့် မစန်းဌေးဆိုသူတို့က ဘုရင့်နောင်တွင် အိမ်အကူအဖြစ်လုပ်ကိုင်ပါက ကျပ် သုံးသောင်းရရှိမည်ဟုပြောဆိုစည်းရုံးသဖြင့် သဘောတူခဲ့ကြောင်း၊ ထို့နောက် ၄င်းတို့က မ ….(၁၅)နှစ်အား ဘုရင့်နောင်ပွဲရုံ ငုဝါလမ်းရှိ တိုက်ခန်းတခုအတွင်းခေါ်ဆောင်ကာ ဇော်မျိုးဦး ဆိုသူထံတွင် အလုပ်အပ်ပေးခဲ့သည်ဆိုသည်။ ထိုသို့အပ်ပေးပြီးနောက် ဇော်မျိုးဦးဆိုသူထံမှ ငွေကျပ်တသိန်းခွဲကို ဒေါ်ဌေးနှင့် မဇင်မာမြင့်ဆိုသူတို့ကထုတ်ယူသွားပြီး မ ..(၁၅)နှစ်ကို ထားခဲ့သည်။

ထို့နောက် ဇော်မျိုးဦးက မ ..(၁၅)နှစ်အား ပြည့်တန်ဆာအလုပ်လုပ်ရမည်ဖြစ်ကြောင်းပြောသဖြင့် မ ..(၁၅နှစ်) က မလုပ်နိုင်ကြောင်းပြောဆိုရာ ငွေကျပ် တသိန်းခွဲထုတ်ယူထားပြီးဖြစ်သဖြင့် ယင်းပိုက်ဆံပြန်ရမှသာ ပြန်နိုင်ကြောင်းပြောဆိုခဲ့သည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

မ..(၁၅)နှစ်၏ငြင်းဆန်မှုကြောင့် ပြည့်တန်ဆာအလုပ်ကို မလုပ်ရသော်လည်း အနှိပ်ခန်းအတွင်းနေထိုင်စဉ်ကာလ လုပ်အားခမရရှိခဲ့ဘဲ ယခုလိုရဲတပ်ဖွဲ့လာရောက်စစ်ဆေးမှသာ အဖြစ်မှန်ကိုပြောပြနိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အိမ်အကူအလုပ်ရမည်ဟုဆိုကာအနှိပ်ခန်းသို့ပို့ဆောင်ခဲ့သည့် ဒေါ်ဌေးဆိုသူကို ဖမ်းဆီးထားပြီး ပါဝင်ပတ်သက်သည့် ကျန်လေးဦးကို လှိုင်သာယာ မြို့မရဲစခန်းက ပ ၂၀၉၁/၁၆ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ အရအမှုဖွင့်ထားကြောင်း သိရသည်။


News Watch(စောင့်ကြည့်သတင်းဂျာနယ်)

https://www.facebook.com/NewsWatchJournal/

နန်းဖာလုံဈေးအနီး၌ လူလေးဦးက လူတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်

Posted on No comments
(ပုံစာ - သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် နေရာကို တွေ့ရစဉ်။)

စစ်ကိုင်းတိုင်း တမူးမြို့နယ် နန်းဖာလုံဈေးအနီးတွင် ယနေ့ (အောက်တိုဘာ ၂ ရက်) မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က လူလေးဦးက လူတစ်ဦးကို သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း တမူးမြို့မ ရဲစခန်းမှ ဒုရဲအုပ်နေမင်းစိုးက ပြောသည်။
သေနတ်ကိုင်ထားသည့် လူလေးဦးက သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး တစ်ချက်မှာ ဦးသန်းထွေးကို ထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
“ဟိုဘက်ကမ်းနဲ့က နီးနီးလေးဆိုတော့ ပစ်ပြီးတော့ ပြေးတာ မဖမ်းမိလိုက်ဘူး။ သေနတ်မှန်ခံရတဲ့ သူကတော့ အသက်သေဆုံးခြင်းတော့ မရှိဘူး။ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်” ဟု တမူးမြို့မ ရဲစခန်းမှ ဒုရဲအုပ် နေမင်းစိုးက ပြောသည်။
နန်းဖာလုံဈေးသို့ ဈေးလာဝယ်သည့် တမူးမြို့ မြို့မ (၈) ရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ် ဦးသန်းထွေး ဆိုသူကို ယင်းဈေးအနီး Best one စတိုးဆိုင်အရှေ့ သုံးဘီးဂိတ်အနီး၌ လူလေးဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပစ်ခတ်ခံရသူမှာ ဒဏ်ရာရရှိခဲ့သည့်အတွက် တမူးမြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသပေးထားကြောင်း ၎င်းက ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသူသည် အပစ်မခံရမီ အချိန်က သေနတ်ဖြင့် လာရောက်ပစ်ခတ်သူ လေးဦးထဲမှ တစ်ဦးနှင့် Best one စတိုးဆိုင်အတွင်း၌ စကားပြောနေသည်ကို တွေ့ရကြောင်း၊ ယင်းနောက် သေနတ်များဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သည့် နန်းဖာလုံဈေးအနီး နေထိုင်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - ပူဟန်

The Voice
http://thevoicemyanmar.com/

မိုင်းလားတပ်စခန်း သုံးခု နှင့် စစ်သည် ၁၅၀ ကျော်အား ဝတပ်ဖွဲ့ သိမ်းပိုက်ထား

Posted on No comments
ဓါတ်ပုံ- မိုင်းလားတပ်စခန်းမှ တပ်သားများ ဖမ်းဆီးခံရပုံ


အောက်တိုဘာ ၂ ရက် ၂၀၁၆


သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့ နယ် နှင့် မိုင်းလားမြို့နယ်ကြား ရှိ မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်ထားသည့် တပ်စခန်း ၃ ခုအား ၀ တပ်ဖွဲ့ UWSA က သိမ်းပိုက်လိုက်သည့်အတွက် မဟာမိတ်တပ်ဖွဲ့ဝင် နှစ်ဘက်တပ်ကြား စစ်ရေးတင်းမာမှု ဖြစ်ပွားလျှက်ရှိသည်။

စက်တင်ဘာ ၂၈ ရက်နေ့က ဝ တပ်ဖွဲ့ UWSA စစ်သည်အင်အား ၆၀၀ ကျော်က တိုက်ပွဲ ဝင် သံချပ်ကာကား ၅ စီးနှင့်အတူ ကျိုင်းတုံ နှင့် မိုင်းလား မြို့နယ်ကြားရှိ လွယ်ဆမ်ဆုမ်၊ လွယ်ကျူဆား တပ်စခန်း နှင့် မိုင်းလားနယ်အဝင် ပန်မတ်ဖိုင်း ဂိတ်စခန်းအား သိမ်းပိုက်လိုက်ရာ တွင် မိုင်းလား စစ်သည် ၁၅၀ ကျော် အားလည်းဖမ်းဆီးလိုက်သည်။

“ကျနော်တို့က မဟာမိတ်တွေလေ။ ဒီလိုလုပ်မယ်ဆိုတာ မထင်ဘူး။ ဖမ်းထား တဲ့ သူ ၁၅၁ ဦး အနက် ၁၇ ပြန်လွတ်ပေးတယ်အခု။ တပ်ပြန် ဆုတ်ပါပြောေ တာ့ အထက်အမိန့်အရလာတယ်။ အထက်က မညွှန်ကြား ရင် ပြန်ဆုတ် လို့မရဘူးလို့ပြောနေတယ်။ ထိပ်ပိုင်းခေါင်းဆောင်တွေတော့ ကြိုးစား ချိတ်ေ နတယ်။ ဒီတရက်နှစ်ရက် အတွင်းဖြေရှင်းနိုင်လိမ့်မယ်လို့ယုံကြည်တယ်။ အခုတော့ အားလုံးကို တပ်လှန့်ထားတယ်။ ဘယ်သူမှ သွားလာလှုပ်ရှား လို့မရတော့ဘူး” - ဟု မိုင်းလား တပ်မှူးတဦးကပြော သည်။

ဓါတ်ပုံ- မိုင်းလားတပ်စခန်းမှ တပ်သားများ ဖမ်းဆီးခံရပုံ
အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ပြောရေဆိုခွင့်ရှိသူ ဦးအောင်မြင့်က - ကျန်းမာရေးအရ မကောင်း သည့်အတွက် အဆိုပါသတင်းနှင့်ပတ်သက်၍ ဘာမှမပြောနိုင်သေးကြောင်း သျှမ်းသံတော် ဆင့်သို့ဖြေကြားသည်။

ဝ တပ်ဖွဲ့မှ မိုင်းလားတပ်ဖွဲ့အပေါ် ယခုကဲ့သို့ ပြုမူဆက်ဆံသည်မှာ - မိုင်းလားတပ်ဖွဲ့အနေဖြင့် အာခါလူမျိုးများအတွက် ကိုယ်ပိုင်အုပ်ချုပ် ခွင့်တောင်းဆိုနေခြင်း၊ နေပြည်တော်သို့ မိုင်းလားတပ်ဖွဲ့ ခေါင်းဆောင် ဦးစိုင်းလင်းကိုယ်တိုင် မကြာခဏ သွားလာဝင်ထွက်နေခြင်း၊ ၂၁ ရာစု ပင်လုံညီလာခံ တွင် ကော်မတီဝင်အဖြစ် သွားရောက်ပါဝင်ခြင်း စသည့် အကြောင်းကိစ္စရပ်နှင့် ပတ်သက်နိုင်သည်ဟု ပြည်ထောင်စု အင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်းက ပြောသည်။

ဝ တပ်ဖွဲ့ နှင့် မိုင်းလား တပ်ဖွဲ့သည် ရှေးယခင်ကတည်းက ညီရင်းပမာ ချစ်ခင်ရင်းနီးသည့် မဟာမိတ် တပ်ဖွဲ့ဝင်ကောင်းများဖြစ်ကြသည်။

ဓါတ်ပုံ- မိုင်းလားတပ်စခန်းမှ တပ်သားများ ဖမ်းဆီးခံရပုံ

သျှမ်းသံတော်ဆင့် - ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese

ဆရာမ ဒေါ်မြင့်မြင့်ဇော်ကို ထူးချွန်ဆရာဆု ပေးမည်

Posted on No comments

ရန်ကုန်၊ အောက်တိုဘာ ၁

ကဗျာများ ရွတ်ဆို သင်ကြားရာတွင် အသံ ကောင်းမွန်သောကြောင့် လူမှုကွန်ရက်တွင် နာမည် ကြီးနေသည့် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်မှ အလယ်တန်းပြ ဆရာမ ဒေါ်မြင့်မြင့်ဇော်ကို ထူးချွန်ဆရာဆု ပေးမည်ဖြစ်ကြောင်း ပညာတန်ဆောင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်ညိုက The Voice သို့ ပြောကြားသည်။

ပညာတန်ဆောင် အနေနှင့် ထူးချွန်ဆရာများ၊ ကျောင်းသားများကို နှစ်စဉ် ဂုဏ်ပြုချီးမြှင့်ဆုများ ပေးနေပြီး ယခုနှစ်တွင် ဒေါ်မြင့်မြင့်ဇော်ကိုပါ ချီးမြှင့်မည်ဖြစ်ကြောင်း ပညာတန်ဆောင်ထံမှ သိရှိရသည်။

“ဆရာမရဲ့ ဓာတ်ပုံတွေ တွေ့ရပါတယ်။ ချောင်းကူး၊ မြောင်းကူး ဖြတ်ပြီး ကြိုးကြိုးစားစား စာသင်ကြားနေတာ၊ သင်ကြားတာ ထူးချွန်တာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်း အစည်းအဝေးကနေ ဆုချီးမြှင့်ဖို့ အတည် ပြုလိုက်တာပါ”ဟု ဒေါက်တာတင်ညိုက ပြောကြားသည်။

ယခုဆုကို ပညာတန်ဆောင်က သီးသန့် ပေးခြင်းဖြစ်ပြီး ပညာတန်ဆောင်နှင့် တော်ဝင် ဖွံ့ဖြိုးမှု ဖောင်ဒေးရှင်းတို့ ပူးပေါင်း ပြုလုပ်သည့် တတိယအကြိမ်မြောက် ထူးချွန် ဆရာဆုနှင့် မသက်ဆိုင်ကြောင်း ရှင်းပြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အလယ်တန်းပြ ဆရာမ ဒေါ်မြင့်မြင့်ဇော်က “မနေ့ကတော့ ဆရာကြီး ဒေါက်တာတင်ညိုက ဆက်သွယ်ပြီး ပြောကြားပါတယ်။ ဆုရတော့ ဘာပြောမလဲဆိုတော့ ဘာမှ ထွေထွေထူးထူး ပြောဖို့ မရှိသေးပါဘူး”ဟု ပြောကြားသည်။

ထူးချွန်ဆရာဆု ရယူရန်အတွက် ဒီဇင်ဘာ ၂၅ ရက်တွင် ရန်ကုန်သို့ လာရောက်ရန်၊ ပညာရေးဝန်ထမ်း လုပ်သက် တစ်လျှောက် တက်ရောက်ခဲ့ဖူးသည့် သင်တန်းများ စာရင်း ပြုစုထားရန်နှင့် သီဆို သင်ကြားသည့် ဗီဒီယိုဖိုင် တစ်ခု ယူဆောင်လာရန် ပြောကြားကြောင်း ဒေါ်မြင့်မြင့်ဇော်က ဆိုသည်။

ဒေါ်မြင့်မြင့်ဇော်သည် လက်ရှိတွင် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၊ ရွှေဘုံသာ အလယ်တန်းကျောင်း(ခွဲ) အလယ်တန်းအဆင့်တွင် မြန်မာစာ သင်ကြားနေသည်။ ယင်းမတိုင်မီက ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၀ နှစ်ကျော်ကြာ ကျောင်းဆရာမအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

The Voice

http://thevoicemyanmar.com/

၂၀၁၃ခုနှစ်က တရားရုံးထုတ်ရင်း အက်ရှင်ကားဆန်ဆန် ထွက်ပြေးလွတ်မြောက်သွားသည့် တရားခံကို ပြန်ဖမ်းမိ

Posted on No comments

ကလေး၊ အောက်တိုဘာ၂။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ၂၀၁၃ခုနှစ်က တရားရုံးထုတ်နေစဉ် အက်ရှင်ကားဆန်ဆန် ထွက်ပြေးလွှတ်မြောက်သွားသော တရားခံကို အောက်တိုဘာ ၁ရက်နေ့၌ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မောင်လာန်ကျေးရွာမှ ဖမ်းဆီးမိကြောင်း သိသည်။

၎င်းတရားခံသည် ၂၀၁၃ခုနှစ်၅လပိုင်းက မယ(ပ) ၄၄/၁၃ မူးစိတ် ၁၆(ဂ) အမှုမှ တရားခံပြေး ဒေါ်ဇန်ခန်းဒိမ် ဖြစ်ကြောင်းသိရသည်။

အဆိုပါအမျိုးသမီးအား တရားရုံးထုတ်စဉ်တွင် သားဖြစ်သူမှ ဆိုင်ကယ်ဖြင့် တင်ဆောင်၍ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး သုံးနှစ်ခန့်အကြာတွင် ပြန်ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

"အဲ့တုန်းက တရားရုံးထုတ်တုန်းက တရားခံပြေးအမျိုးသမီးက အနောက်ဘေး အပေါ့စွန့်သွားစဉ်မှာပေါ့ တရားရုံးဘေးလမ်းကြားကနေ သူ့သားနဲ့ အချိန်းအချက် လုပ်ထားပြီးသားပါ။ သားက ဆိုင်ကယ်နဲ့ အသင့်စောင့်နေပြီး ကောက်တင်ပြီး မောင်းပြေးသွားတာ။ ရုတ်တရက်ဆိုတော့ ကြောင်သွားကြတာ။ လိုက်လိုက် ဆိုတော့မမှီတော့ဘူး။ နောက်မှ သားဖြစ်သူကို ဖမ်းမိတယ်။ အဲ့တုန်းက အရာရှိရာထူးလျော ၁ယောက်၊ ရဲတပ်ကြပ်ကြီး၂ယောက်၊ရဲတပ်ကြပ်၁ယောက်၊ရဲတပ်သား၁ယောက် အလုပ်ပြုတ်နဲ့ ထောင်ဒဏ် ပြစ်ဒဏ်တွေကျခဲ့ကြတယ်"ဟု ကလေးမြို့မရဲစခန်းမှ တပ်ကြပ်ကြီးထန်းလွန်လ်က ပြောကြားသည်။

တရားခံထွက်ပြေးမှုတွင် ပါဝင်ကူညီခဲ့သည့် သားဖြစ်သူသည် ထောင်ဒဏ်(၇)နှစ်ကျခံခဲ့ရကြောင်း သိရသည်။

သတင်း - ဓါတ်ပုံ ။  ။ စည်သူထွန်း
Central News Myanmar
https://www.facebook.com/CNMyanmar

တရုတ် ငါးဖမ်းလှေကို တောင်ကိုရီးယား အာဏာပိုင်များ ဟန့်တားရင်း တရုတ် လှေလုပ်သားသုံးဦး သေဆုံး

Posted on Saturday, October 1, 2016 No comments

 တရုတ် ငါးဖမ်းလှေ တစ်စီးကို တောင်ကိုရီးယား ကမ်းခြေစောင့်တပ်က စီးနင်းစဉ် မီးလောင်မှု ဖြစ်ပွားရာ တရုတ် ငါးဖမ်းလှေ လုပ်သား သုံးဦး သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ပြဿနာသည် တရုတ်နှင့် တောင်ကိုရီးယားတို့ကြား ဆက်ဆံရေးကို အနည်းနှင့်အများ ထိခိုက်စေမည့် အလားအလာလည်း ရှိနေသည်။ ထိုနှစ်နိုင်ငံသည် မြောက်ကိုရီးယား၏ နျူကလီးယား လက်နက် စမ်းသပ်မှုများကို တားမြစ်ရန်ကဲ့သို့ အရေးကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။ တရုတ် ငါးဖမ်းလှေက တောင်ကိုရီးယား ရေပိုင်နက်တွင် တရားမဝင် ငါးခိုးဖမ်းသည်ကို ကမ်းခြေစောင့်တပ်က ဟန့်တားရင်း ယခုအခြေအနေသို့ ဦးတည်ခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၃၀ ရက် ဖြစ်စဉ်၌ တောင်ကိုရီးယား အရာရှိများက တရုတ် ငါးဖမ်းလှေပေါ်သို့ အလင်းဗုံးများကို ပစ်တင်လိုက်သည်။ အဆိုပါ ဗုံးသည် လူကို ထိခိုက်သေကြေစေခြင်း မရှိဘဲ မျက်လုံးများ ခေတ္တ ပြာဝေသွားပြီး ဆိုင်းငံ့သွားစေရန် ရည်ရွယ် ဖန်တီးထားခြင်း ဖြစ်သည်။

အလင်းဗုံး တစ်လုံးကို ပစ်တင်လိုက်ရာမှ လှေပေါ်တွင် မီးစွဲလောင်ခဲ့ပြီး ပုန်းခိုနေသူ သုံးဦး သေဆုံးသွားခြင်းဟု တောင်ကိုရီးယား ကမ်းခြေစောင့် တပ်ဖွဲ့က အတည်ပြုခဲ့သည်။ ၎င်းတို့သည် မီးလောင်ဒဏ်ရာကြောင့် မဟုတ်ဘဲ မီးခိုးမွှန်ကာ အသက်ရှူကျပ် သေဆုံးခြင်းဟု ယုံကြည်ရကြောင်းလည်း သိရသည်။ သို့သော် ယင်းအချက်ကို အတည်ပြုနိုင်ရန် ရင်ခွဲစစ်ဆေးမှု ပြုလုပ်ရမည် ဖြစ်သည်။

လှေပေါ်ရှိ အခြားသော တရုတ်ငါးဖမ်းလှေ လုပ်သား ၁၄ ဦးကို တောင်ကိုရီးယား အာဏာပိုင်များက ထိန်းသိမ်းခဲ့ပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက် ရှိသည်။

ငါးဖမ်းလှေသည် တောင်ကိုရီးယား ရေပိုင်နက်ထဲတွင် ရှိနေရာ ကမ်းခြေစောင့်တပ်က တက်ရောက်စစ်ဆေးရန်အတွက် လှေရပ်ပေးရန် အမိန့်ပေးခဲ့သော်လည်း နာခံမှု မရှိဘဲ ဆက်လက် ခုတ်မောင်းနေသဖြင့် ၎င်းတို့ကို ဟန့်တားရန် အလင်းဗုံးများကို လှေပေါ်ရှိ ဟင်းလင်းပြင် နေရာများသို့ လှမ်းပစ်ခဲ့ကြခြင်းဟု တောင်ကိုရီးယား အရာရှိများက ပြောကြားခဲ့သည်။ ယင်းဗုံးများအနက် အနည်းဆုံး တစ်လုံးမှ စတင်၍ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

တရုတ်အာဏာပိုင်များက ယခုဖြစ်ရပ်ကို အလေးအနက် စစ်ဆေးပေးရန် တောင်းဆိုထားပြီး တောင်ကိုရီးယား အစိုးရက စုံစမ်းမှုများ စတင်နေပြီဟု အကြောင်းပြန်ထားသည်။ တောင်ကိုရီးယား ရေပြင်တွင် သတ်မှတ်ပါမစ် ချပေးထားသည့် တရုတ်ငါးဖမ်းလှေများကို လုပ်ငန်းလုပ်ကိုင်ခွင့် ပေးထားသော်လည်း တရားမဝင် ငါးခိုးဖမ်းသည့် လှေများကြောင့် ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း နှစ်နိုင်ငံအကြား အခြေအတင် ပြဿနာအချို့ ပေါ်ပေါက်ခဲ့ဖူးသည်။

7Day Daily
http://www.7daydaily.com/

အရှေ့ တောင်အာရှမှာ IS ခြိမ်းခြောက်မှုတိုး

Posted on No comments
စင်္ကာပူ ကာကွယ်ရေးဝန်ကြီး Dr.Ng Eng Hen

အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းတွေဟာ ပိုပြီး စနစ်တကျရှိလာကြသလို သူတို့ရဲ့ ရည်မှန်းချက်တွေကို ပိုအာရုံစိုက်လာနေတာနဲ့အမျှ အရှေ့တောင်အာရှနိုင်ငံတွေအပေါ် အကြမ်းဖက်သမားတွေရဲ့ခြိမ်းခြောက်မှုတွေနှစ်စဉ်တိုးလာနေတယ်လို့ စင်္ကာပူ ကာကွယ်ရေးဝန်ကြီး Ng Eng Hen ကသောကြာနေ့မှာပြောပါတယ်။


အမေရိကန် ကာကွယ်ရေးဝန်ကြီး Ash Carter နဲ့ ဟာဝိုင်ယီမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးအပြီးမှာမစ္စတာ Eng ကသတင်းထောက်တွေကိုပြောသွားတာပါ။ ဒီအစည်းအဝေးမှာ IS အကြမ်းဖက်သမားတွေနဲ့ အလားတူ အုပ်စုတွေရဲ့ ခြိမ်းခြောက်မှုတွေအကြောင်းကို ကာကွယ်ရေးဝန်ကြီးတွေ အချိန်အတော်ကြာအောင် ဆွေးနွေးခဲ့ကြပါတယ်။

အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်တယ်ဆိုပြီး ကာလီဖိတ်တွေ လို့ သူတို့ကိုယ်သူတို့ ကြေငြာထားတဲ့ အီရတ်နဲ့ ဆီးရီးယားက IS အစွန်းရောက်အကြမ်းဖက်သမားတွေကို အရှေ့တောင်အာရှဒေသက လူပေါင်း ၁၀၀၀ ကျော် သွားရောက်ပူးပေါင်းခဲ့ကြတယ်လို့ စင်္ကာပူ ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။

 အခုလို နှစ်စဉ် ကာကွယ်ရေးဝန်ကြီးတွေတွေ့ဆုံတိုင်း IS အစွန်းရောက်သမားတွေရဲ့  ခြိမ်းခြောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေလည်း နှစ်စဉ်တိုးလာတာကို တွေ့ရတယ်လို့ မစ္စတာ Eng ကပြောပါတယ်။

 အရှေ့တောင်အာရှ ဒေသတွင်းက စစ်သွေးကြွတွေကို ဦးဆောင်ဖို့ ဖိလစ်ပိုင်နိုင်ငံမှာ အစိုးရ အလိုရှိဆုံးသူတယောက်ကို အရှေ့တောင်အာရှ ဒေသက IS တို့က ဂျွန်လမှာ ရွေးချယ်ခဲ့ကြတယ်လို့ လုံခြုံရေး တာဝန်ရှိသူတွေကပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမှာ တိုက်ခိုက်သူ ၄ ဦးအပါအ၀င် လူ ၈ ယောက်သေဆုံးခဲ့ရတဲ့ ဇန်န၀ါရီလက အကြမ်းဖက်တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်ဆိုပြီး IS တို့ပြောဆိုခဲ့ပြီးတဲ့နောက်မှာတော့ တာဝန်ရှိသူတွေက ဒေသတွင်း လုံခြုံရေး သတိပေးချက်တွေ တိုးမြှင့်ထားပါတယ်။

VOA (မြန်မာဌာန)
http://burmese.voanews.com
Don't Miss