ရန်ကုန်မြို့အတွင်းရှိ နိုင်ငံခြားငွေ ရောင်းဝယ်ရေး ကောင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်) |
အောက်တိုဘာ ၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၇၃ ကျပ်အထိ မြင့်တက်လာပြီး လက်ရှိအစိုးရလက်ထက်တွင် အနိမ့်ဆုံးဖြစ်ပေါ်ခဲ့သော ငွေလဲနှုန်း ၁၁၅၃ ကျပ်နှင့် နှိုင်းယှဉ်ပါက မြန်မာကျပ်ငွေ တန်ဖိုး ငါးလကျော် ကာလအတွင် ၁၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်နေသူများထံမှ သိရသည်။
စက်တင်ဘာ ၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း ၁၂၁၅ ကျပ်ဝန်းကျင်သာရှိပြီး အောက်တိုဘာ ၁ ရက်တွင် ၁၂၇၃ အထိ မြင့်တက်လာခြင်းကြောင့် တစ်လအတွင်း ၅၈ ကျပ် မြင့်တက်လာခဲ့ရာ ရာခိုင်နှုန်းအားဖြင့် မြန်မာကျပ်တန်ဖိုးသည် တစ်လအတွင်း ၄ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်။ သြဂုတ် ၁၉ ရက်နေ့ထိ နိုင်ငံခြားငွေလဲနှုန်းသည် တစ်ဒေါ်လာ ကျပ် ၁၂၀၀ အောက်တွင်သာရှိပြီး သြဂုတ် ၂၀ ရက်မှ စတင်ကာ ၁၂၀၀ ဈေးတန်းကို ကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ ၁ ရက်တွင် ၁၂၁၅ ကျပ်ရှိခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် စက်တင်ဘာလအတွင်း လက်ရှိအစိုးရလက်ထက် အမြင့်ဆုံး ဈေးနှုန်းများအဖြစ် ဆက်တိုက်မြင့်တက်ခဲ့ပြီး အောက်တိုဘာ ၁ ရက်တွင် ၁၂၇၃ ကျပ်အထိ စံချိန်တင်ဈေး ဆက်လက်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာ ၂၇ ရက်နှင့် စက်တင်ဘာ ၃၀ ရက်တို့တွင် စံချိန်တင်ဈေးနှုန်းအဖြစ် ရောက်ရှိခဲ့သော တစ်ဒေါ်လာ ကျပ် ၁၂၇၀ ကို အောက်တိုဘာ ၁ ရက်တွင် ဆက်လက် ကျော်ဖြတ်ခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီတွင် ကျပ် ၁၂၇၀ ဖြင့် ဈေးဖွင့်ခဲ့ပြီးနောက်ပိုင်းတွင် ၁၂၇၃ ကျပ်အထိ ဆက်လက်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သော တစ်ပတ်တာကာလအတွင်း ရက်အလိုက် အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းထားများမှာ စက်တင်ဘာ ၂၅ ရက်တွင် ၁၂၅၆ ကျပ်၊ စက်တင်ဘာ ၂၆ ရက်တွင် ၁၂၆၆ ကျပ်၊ စက်တင်ဘာ ၂၇ ရက်တွင် ကျပ် ၁၂၇၀ ၊ စက်တင်ဘာ ၂၈ ရက်တွင် ၁၂၆၂ ကျပ်၊ စက်တင်ဘာ ၂၉ ရက်တွင် ၁၂၆၁ ကျပ်၊ စက်တင်ဘာ ၃၀ ရက်တွင် ကျပ် ၁၂၇၀၊ အောက်တိုဘာ ၁ ရက်အတွင်း ဖြစ်ပေါ်သော အမြင့်ဆုံးနှုန်းထားမှာ ၁၂၇၃ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးနှုန်းထားမှာ ကျပ် ၁၂၇၀ ဖြစ်ကြောင်း သိရသည်။
ပြင်ပဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်မြင့်တက်ခဲ့ခြင်းကြောင့် ဗဟိုဘဏ်ကလည်း ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို စက်တင်ဘာ ၂၇ ရက်မှစ၍ စက်တင်ဘာ ၃၀ ရက်အထိ နေ့စဉ် ငါးကျပ်စီ တိုးမြင့်ခဲ့ရာ ဗဟိုဘဏ် ရည်ညွှန်းနှုန်းမှာ တစ်ဒေါ်လာ ၁၂၅၅ ကျပ်အထိ ရောက်ရှိခဲ့သည်။
တစ်ပတ်အတွင်း ဗဟိုဘဏ် ရည်ညွှန်းနှုန်းများမှာ စက်တင်ဘာ ၂၆ ရက်တွင် တစ်ဒေါ်လာ ၁၂၃၅ ကျပ်၊ စက်တင်ဘာ ၂၇ ရက်တွင် ကျပ် ၁၂၄၀ ၊ စက်တင်ဘာ ၂၈ ရက်တွင် ၁၂၄၅ ကျပ်၊ စက်တင်ဘာ ၂၉ ရက်တွင် ကျပ် ၁၂၅၀ ၊ စက်တင်ဘာ ၃၀ ရက်တွင် ၁၂၅၅ ကျပ်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
သြဂုတ်လနှောင်းပိုင်းမှစပြီး လက်ရှိအချိန်အထိ ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းနှင့် ပတ်သက်၍ စီးပွားရေးပညာရှင် ဒေါက်တာလှမောင် (အငြိမ်းစားသံအမတ်ကြီး) က “အခုတစ်ခေါက်ကတော့ ဘဏ်တချို့ရဲ့ ခေါ်ယူအပ်ငွေ စာရင်းတွေ၊ စာရင်းသေအပ်ငွေတွေရဲ့ ဘဏ်တိုးနှုန်းကို လျှော့တာနဲ့ ဆိုင်တယ်၊ နောက်တစ်ခုက ဘဏ်တွေနဲ့ ဗဟိုဘဏ်မှာ နိုင်ငံခြားငွေတွေ နည်းနေပြီလားပေါ့။ လူတွေက အမျိုးမျိုး ထင်မြင်ယူဆကြပါတယ်။ ၀ယ်လိုအား၊ ရောင်းလိုအားအရ ဒေါ်လာ ၀ယ်လိုအားကလည်း အရမ်းကောင်းနေတာကို။ နောက်တစ်ခုက MLM ကိစ္စ၊ သူကလည်း ဒီကရတဲ့ အကျိုးအမြတ်တွေကို ဒေါ်လာအဖြစ်ပြောင်းပြီး နိုင်ငံအပြင်ဘက်ကို ယူထုတ်တယ်လို့ တချို့ကလည်း ပြောကြတယ်။ နဂိုကတည်းက မြန်မာမှာ ကုန်သွယ်ရေး လိုငွေ၊ ဘတ်ဂျက်လိုငွေ ကျနေတယ်၊ အရင်ဝင်နေတဲ့ ကျောက်စိမ်းတို့၊ မူးယစ်ဆေးတို့ကရတဲ့ ဒေါ်လာတွေလည်း အ၀င်နည်းသွားတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကလည်း ထင်သလောက် မ၀င်လာသေးဘူး။ အစိုးရ လိုငွေတွေများတော့ ငွေကြေးဖောင်းပွမှုနှုန်းက များနေတယ်။ အဲဒါက ဒေါ်လာဈေးကို တက်စေတယ်။ လိုငွေက အရင်နှစ်တွေ အများကြီးကတည်းက ပြနေတာ။ ဒါပေမဲ့ အခု အစိုးရလက်ထက်မှာလည်း ထင်သလောက် မလျှော့နိုင်ဘူး။ အသုံးစရိတ်က ကြီးတယ်။ ဟိုဟာလုပ်မယ်၊ ဒီဟာလုပ်မယ်နဲ့ သတင်းတွေ ထွက်တယ်။ ထွက်တဲ့သတင်းတွေကလည်း ကုန်ကျစရိတ်များတဲ့၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်သွားနိုင်တဲ့ သတင်းတွေဆိုတော့ ဒေါ်လာဈေးမြင့်ဖို့ အလားအလာ ကောင်းသွားတယ်။ အဲဒီတော့ ဒီလို သတင်းအမျိုးမျိုးကြောင့်ဖြစ်တဲ့ ငွေကြေးဆိုင်ရာ အခြေအနေတွေကို ဗဟိုဘဏ်က အများပြည်သူရှေ့ ထွက်ရှင်းရမယ်။ တကယ့်အခြေအနေမှန်၊ ဖြစ်လာနိုင်တဲ့အခြေအနေကို အများပြည်သူကို ပြောပြဖို့သင့်တယ်။ အစိုးရကလည်း အကျပ်အတည်းကာလမှာ အသုံးစရိတ် ချွေတာသင့်တယ်၊ ငွေကြေးဖောင်းပွမှုနှုန်းထပ် မြင့်စေနိုင်တဲ့ လှုပ်ရှားမှုမျိုး အခုချိန်မှာ မလုပ်သင့်ဘူး” ဟု ထင်မြင်သုံးသပ်သည်။
Writer:
စည်သူအောင်