Responsive Ad Slot

Latest

Sports

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို အောက်တိုဘာလအတွင်း အရေးယူမည်

Posted on Saturday, October 1, 2016 No comments

ရန်ကုန်မြို့ ၊ ကျောက်တံတားမြို့နယ် ၊အင်းဝအပ်ချုပ်ဆိုင်ရှိ အိမ်အကူ အမျိုးသမီးငယ်နှစ်ဦး နှိပ်စက်ခံရမှုတွင် ၀င်ရောက် ဖြေရှင်းကိုင်တွယ်ခဲ့သော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များကို အောက်တိုဘာလအတွင်း အရေးယူသွားမည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်
ဦးဇော်ဌေးက အောက်တိုဘာလ ၁ရက်တွင် ပြောကြားလိုက်သည်။

''နံပါတ်တစ် ကော်မရှင်ကို အရေးယူဖို့ အဆိုမရောက်ခင် ကျွန်တော်တို့ဆီ ကော်မရှင်ရဲ့ တင်ပြချက်ကို တောင်းထားတယ်။ နံပါတ်နှစ် တင်ပြချက်တော့ ရောက်လာပြီ။ ဥပဒေကြောင်းအရ လေ့လာနိုင်အောင် ပြည်ထောင်စုရှေ့ နေချုပ်ရုံးကို တင်ပြထားတယ်။ နောက် လွှတ်တော်က အဆိုရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ ဥပဒေအရ စိစစ်ပြီးတာနဲ့ စပြီး အရေးယူမှာပါ။ အောက်တိုဘာလအတွင်း ဖြစ်နိုင်ပါတယ်။'' ဟု ဦးဇော်ဌေးက ပြောသည်။

အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူ အမျိုးသမီးငယ်နှစ်ဦး နှိပ်စက်ခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အမျိုးသမီးငယ်နှစ်ဦး အုပ်ထိန်းသူ၊ အင်းဝအပ်ချုပ်ဆိုင် မိသားစုနှင့် ရဲတပ်ဖွဲ့ စသည့် တာဝန်ရှိသူတို့ ပါဝင်ကာ စက်တင်ဘာလ ၁၅ရက်တွင် ပြည်လမ်းခြောက်မိုင်ခွဲရှိ ကော်မရှင်ရုံး၌ ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း၊ ငွေကျပ်သိန်းငါးဆယ်ဖြင့် နှစ်ဦးနှစ်ဘက်ပြေလည်မှု ရယူလိုက်ကြောင်း မှတ်တမ်းများအရ သိရပြီး ၄င်းဖြေရှင်းပေးမှုမှာ မေတ္တာစေတနာဖြင့်ဖြေရှင်းပေးလိုက်ခြင်းဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ပြောကြားခဲ့သည်။

''အန်တီတို့ လက်ထက်တုန်းကတော့ ကလေးအလုပ်သမားဆိုရင် ဒါ အလုပ်သမားရုံးကို ခေါ်တယ်။ နောက် ကော်မရှင်ရုံးမှာမှ ထပ်ပြီး စစ်ဆေးရေးအဖွဲ့ ဖွဲ့တယ်။ တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး။ နှိပ်စက်ညှဉ်းပန်းထားရင် ဥပဒေအရ အရေးယူဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို စာရေးပို့တယ်။ တရားရုံးချုပ်ကို တင်ပြတယ်။ မတရားခိုင်းစေတယ်ဆိုရင် အလုပ်သမားဝန်ကြီးဌာနကို တင်ပြတယ်။ အခုက ဘယ်လိုအတွေးနဲ့ မြန်မြန်ဆန်ဆန် လူ့အခွင့်အရေးကော်မရှင်က ၀င်ညှိနှိုင်းပေးတယ်ဆိုတာ စဉ်းစားမရဘူး။ ဒါကငွေနဲ့ အလျော်အစားပေးလို့မရဘူး။ အံ့သြမိတယ်။'' ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်ဟောင်း တိုင်ကြားစာများလက်ခံစစ်ဆေးရေးဌာနမှ ဒေါ်စန်းစန်းကပြောသည်။

လက်ရှိတွင် အင်းဝအပ်ချုပ်ဆိုင်မှ မိသားစုဝင်ခြောက်ဦးလုံးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေဖြင့် ဖမ်းဆီးအရေးယူထားပြီး ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

SKY Land News & Entertainment Media
https://www.facebook.com/skyland.news

အလက်ပိုဆေးရုံတွေက ကြောက်မက်ဖွယ်မြင်ကွင်း

Posted on No comments

ဆီးရီးယားနိုင်ငံထဲမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
အလက်ပိုမြို့ ဆေးရုံက ဆရာဝန်တွေက အဲဒီမှာ ကြုံတွေ့နေရတဲ့ ကြောက်မက်ဖွယ် အဖြစ်အပျက်တွေကို ရိုက်ကူးထားတာကို ဘီဘီစီက ရရှိခဲ့ပါတယ်။
ကိုအောင်သွင်က ပြောပြမှာပါ။
ဒီအစီအစဉ်မှာ စိတ်အနှောက်အယှက်ဖြစ်နိုင်စရာ ပုံရိပ်တွေပါတဲ့အကြောင်း ကြိုပြီးအသိပေးပါရစေ။

BBC ( မြန်မာပိုင်း )

http://www.bbc.com/burmese/

ကယားပြည်နယ် ဝန်ကြီးချုပ်ရဲ့ နေအိမ်ခြံဝန်း အလှဆင်ဖို့ တင်ပြငွေ ပယ်ချ

Posted on No comments
ကယားပြည်နယ် လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်။ Photo: Nay Thwae/RFA

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုရဲ့ နေအိမ်ခြံဝန်းအတွင်း အလှဆင်ဖို့အတွက် ငွေကျပ် သိန်း ငါးဆယ်ကို ပြည်နယ်အစိုးရရဲ့ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ဘဏ္ဍာငွေစာရင်းထဲမှာ ထည့်ထားတာကို ဒီကနေ့ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးက ပယ်ချလိုက်ပါတယ်။

ဒီတောင်းဆိုချက်ဟာ ဘဏ္ဍာရေး စည်းမျဉ်း လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီတာကြောင့် လွှတ်တော်က ပယ်ချ လိုက်တာဖြစ်တယ်လို့ ကယားပြည်နယ် ပြည့်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီ ဥက္ကဌ ဦးစိုးရယ်ကပြောပါတယ်။

"ဒီဘဏ္ဍာရေးစည်းမျဉ်းတွေကို သေချာမစိစစ်ခဲ့ဘူးပေါ့နော်။ မစိစစ်ဘဲနဲ့ ဒီလိုမျိုးတင်လာတဲ့အခါကျတော့ ကျွန်တော်တို့ ဒီလွှတ်တော်ဥက္ကဌ ကြီးကလည်း ရုံးလုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းအတိုင်း စိစစ်ပါဆိုပြီး ကော်မတီကို စိစစ်ခိုင်းတော့ ကော်မတီက စိစစ်ပြီး တင်ပြလိုက်တော့ လွှတ်တော်ကနေ ပယ်ချလိုက်တဲ့ သဘောပါ"

ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အိမ်ခြံဝင်းအလှဆင်ဖို့ ငွေကျပ်သိန်း ငါးဆယ်ချပေးဖို့ကို ကယားပြည်နယ်စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က တင်ပြခဲ့တာဖြစ်ပြီး ၂၀၁၆ -၁၇ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက် ခွင့်ပြုငွေ ကျပ်သန်းပေါင်း ၂၇၀၀ ကျော်ထဲကနေ ပေးအပ်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဖြည့်စွက်ခွင့်ပြုတဲ့ ဘတ်ဂျက်ငွေတွေကို ပြည်နယ်အစိုးရအဖွဲ့  ရုံးအသစ်တည်ဆောက်ဖို့၊ ခရိုင်မြို့ နယ် စုပေါင်းရုံး တည်ဆောက်ဖို့ စိမ့်စမ်းရေသွယ်တာတွေ ရေပိုက်လိုင်းတိုးချဲ့ တာနဲ့ စာသင်းကျောင်းအတွက် ရေတွင်းတူးဖို့၊ လျှပ်စစ်မီးသွယ်တန်းတဲ့ လုပ်ငန်းတွေကို အဆင့်မြင့်တင်ဖို့နဲ့ ၂၀၁၄ -၂၀၁၅ နဲ့ ၂၀၁၅ - ၁၆ ဘဏ္ဍာရေးနှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန်ကြွေးတွေ ပေးချေဖို့ လျာထားတာဖြစ်တယ်လို့ သိရပါတယ်။

RFA ( မြန်မာပိုင်း )
http://www.rfa.org/burmese

ဖားကန့်ဒေသရှိ ကျောက်မျက်ကုမ္ပဏီ လုပ်ငန်းခွင်တစ်ခုအတွင်း မြေစာပြိုကျမှုကြောင့် ဘက်ဟိုးနှစ်စီး ရေအောက်နစ်မြုပ်ပြီး ရေမဆေးသမားတစ်ဦး ပျောက်ဆုံးနေ

Posted on No comments
နစ်မြုပ်သွားသော ဘက်ဟိုးနှစ်စီး(စက်ဝိုင်းဖြင့် ၀ိုင်းပြထား) ကို ဆယ်ယူရန် ဆောင်ရွက်နေစဉ်

ဖားကန့်ဒေသရှိ ကျောက်မျက်ကုမ္ပဏီ တစ်ခုမှ လုပ်ငန်းခွင်တစ်ခုအတွင်း မြေစာပြိုကျမှုကြောင့် ဘက်ဟိုးနှစ်စီး ရေအောက်နစ်မြုပ်ပြီး ပြင်ပမှ ညအချိန် ရေမဆေးကျောက် ၀င်ရောက်ရှာဖွေသူတစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

စက်တင်ဘာ ၃၀ ရက် နံနက် ၁ နာရီ ၀န်းကျင်တွင် ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်၊ မော်မောင်းလယန် ကျေးရွာ အနီးရှိ ကချင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ (KNDPC) လုပ်ကွက်မှ လုပ်ငန်းခွင်အတွင်း မြေပြိုကျမှု ဖြစ်ပေါ်ရာ ကုမ္ပဏီပိုင် ဘက်ဟိုးနှစ်စီးမှာ မြေစာနှင့်အတူ မျောပါသွားပြီး ရေကန်အတွင်း နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။ ထို့အတူ ပြင်ပမှ လုပ်ကွက်အတွင်း ၀င်ရောက်ကာ ညအချိန် ရေမဆေးကျောက် ၀င်ရောက်ရှာဖွေနေသည့် ရှရော်ခကျေးရွာမှ ရေမဆေးသမားတစ်ဦးလည်း မြေပြိုကျမှုတွင် မျောပါပျောက်ဆုံးသွားကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့က တစ်အိမ်တည်း အတူနေကြတာပါ။ ည ၈ နာရီလောက်မှာ ဆိုင်ကယ်တစ်စီးနဲ့ ကျောက်သွားရှာကြတယ်။ ပြိုကျတဲ့ အချိန်က နံနက် ၁ နာရီခွဲ ၀န်းကျင်လောက်မှာပါ။ အဲဒီအချိန်မှာ လူ ၁၅ ယောက်လောက် ရှာနေတဲ့သူ ရှိတယ်။ အခု ပျောက်နေတဲ့သူက ဘက်ဟိုးနှစ်စီးကြားထဲ သွားရှာတာ တွေ့လိုက်တယ်။ သူသွားရှာလို့ မကြာခင်မှာပဲ အဲဒီနေရာက ပြိုကျပြီး ဘက်ဟိုးနှစ်စီးလည်း ရေထဲမြုပ်သွားတယ်။ ကျွန်တော်တို့ လူကို မတွေ့ရတော့ဘူး။ ဒီနေ့ညနေပိုင်းအထိ မတွေ့ရဘူး။ သူများဆိုင်မှာ အပ်ထားတဲ့ သူ့ဆိုင်ကယ်ကိုလည်း ခုထိ လာမယူဘူး။ မြေပြိုတဲ့အထဲ ပါသွားတာ သေချာပါတယ်” ဟု ပျောက်ဆုံးနေသူနှင့် အတူနေ သူငယ်ချင်း ကိုသိန်းဇော်က ပြောကြားသည်။

ပျောက်ဆုံးနေသူမှာ အေးမြသာယာရပ်ကွက် ရှရော်ခကျေးရွာနေ ဦးဝင်းဦး (၄၇ နှစ်) (ဘ)ဦးလူမောင်ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ပျောက်ဆုံးနေခြင်းအား ရှရော်ခကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ မျက်မြင်သက်သေနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက် စုံစမ်းသော်လည်း ကုမ္ပဏီဘက်မှ တာဝန်ရှိသူများက ၎င်းတို့ လုပ်ကွက်အတွင်း တစ်ဦးတစ်ယောက်မျှ သေဆုံးခြင်း မရှိကြောင်း အခိုင်အမာ ငြင်းဆိုလျက် ရှိသည်။

“နံနက် အစောပိုင်းမှာ ပြိုကျတာပါ။ ကျွန်တော်တို့ လုပ်ငန်း ဒုတိယပိုင်းစတဲ့ အချိန်ပေါ့။ အဲဒီအချိန်မှာ ဘယ်ရေမဆေးသမားမှလည်း မရှိပါဘူး။ ကျွန်တော်တို့ ရှိပါတယ်။ ညဆိုသူတို့လည်း တော်ရုံတန်ရုံ မလာရဲဘူး။ ကျွန်တော်တို့က စက်နှစ်စီး ပါသွားပါတယ်။ စက်သမားတွေလည်း ဘာမှမဖြစ်ပါဘူး” ဟု ကုမ္ပဏီလုံခြုံရေးမှူး ဦးစိုးနိုင်က ပြောကြားသည်။

“တကယ်လို့ သူတို့ပြောသလို လူပါသွားတယ်ဆိုရင် နေရာအနေအထားပေါ် မူတည်ပြီး ဆောင်ရွက်သွားမှာပါ။ အခု အနေအထားအရဆို ရှာပေးလို့ မရဘူး။ နွံရော ရေရော ရှိနေတယ်။ ဖြစ်နိုင်ရင်တော့ ရှာပေးမှာပါ။ မသိချင်ယောင် ဆောင်မနေပါဘူး။ ပတ်ဝန်းကျင်မှာ လူအများကြီိး ရှိတယ်။ ဖုံးကွယ်ထားလို့ မရပါဘူး” ဟု KNDPC ကုမ္ပဏီ တာဝန်ခံ ဦးဇော်အောင်က ဆိုသည်။

အောင်ဟိန်းမင်း
Eleven Media Group
http://www.news-eleven.com/

ဇီကာကြောင့် ခေါင်းသေးတာ ထိုင်းမှာတွေ့

Posted on No comments
ဦးခေါင်း သေးငယ်တဲ့ ကလေးတွေ မွေးဖွား

ဇီကာကြောင့် ခေါင်းသေးတဲ့ ကလေး ၂ ယောက်ကို ထိုင်းမှာ စတွေ့ပြီလို့ ထိုင်းကျန်းမာရေး ဌာနက ပြောပါတယ်။
ဒါဟာ ဇီကာ ဗိုင်းရပ် ကူးစက်တဲ့ ရောဂါရဲ့ နောက်ဆက်တွဲ မွေးရာပါ ချို့ယွင်းမှု ဖြစ်ပါတယ်။
ဒီလို ပုံမှန် မဟုတ်ဘဲ ဦးခေါင်း သေးငယ်တဲ့ ကလေးတွေ မွေးဖွားတာဟာ အရှေ့တောင် အာရှမှာ ဒါ ပထမဆုံး ဖြစ်ပါတယ်။
ဒေသတွင်း နိုင်ငံတွေမှာလည်း ဒီ ခြင်က တဆင့် ကူးတဲ့ ရောဂါ ကူးစက်မှုတွေ ရှိနေပါပြီ။
ဘရာဇီးမှာ မနှစ်ကတည်းက စဖြစ်နေတဲ့ ဇီကာ ရောဂါ ဗိုင်းရပ်ဟာ ခုတော့ တောင်အမေရိကတိုက်ကို ကျော်လွန် ကူးစက်နေပြီ ဖြစ်ပါတယ်။
ထိုင်းမှာ ဇန်နဝါရီ လထဲက ဇီကာ ဗိုင်းရပ် ကူးစက်မှု ၃၅ဝ လောက် တွေ့ရှိခဲ့ပြီး ဒီထဲက ၂၅ ယောက်က ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

BBC ( မြန်မာပိုင်း )
http://www.bbc.com/burmese/

ကျောက်ဆည်နည်းပညာတက္ကသိုလ်ရှိ စာမေးပွဲအဖြေလွှာများ မီးရှို့ဖျက်ဆီးသူအား ဖမ်းဆီးရမိ

Posted on No comments

ကျောက်ဆည်နည်းပညာတက္ကသိုလ်ရှိ စာမေးပွဲအဖြေလွှာများ မီးရှို့ဖျက်ဆီးသူအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ယနေ့ (အောက်တိုဘာလ ၁ရက်)တွင် ကျောက်ဆည်ရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ ကျောက်ဆည်နည်းပညာတက္ကသိုလ်တွင် စက်တင်ဘာလ(၃၀)ရက်၊ နံနက်(၅)နာရီ အချိန်ခန့်က ယခုနှစ်ဖြေဆိုထားသည့် အဖြေလွှာစာရွက်အချို့ မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

“တရားခံကို ဖမ်းမိပါပြီ။ နာမည်က မောင်သိန်းထိုက်အောင် ဒီကျောင်းကပဲ ။ဒုတိယနှစ် mechanical ကပါ။ သူ့သူငယ်ချင်းတွေ စာမေးပွဲမဖြေနိုင်တာကို စိတ်မကောင်းဖြစ်ပြီး လုပ်မိတာလို့ပြောပါတယ်။ လောလောဆယ်တော့ စစ်ဆေးတုန်းပဲရှိပါသေးတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး။”ဟု ကျောက်ဆည်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။


အဆိုပါမီးလောင်မှုတွင် ကျောင်းဆောင်အား မီးလောင်ခြင်းမရှိဘဲ အဖြေလွှာအချို့သာ မီးလောင်ပျက်စီးခဲ့ပြီး အဖြေလွှာအရေအတွက် မည်မျှဆုံးရှုံးသွားသည်ကိုမူ မသိရှိရသေးကြောင်း ကျောက်ဆည်ရဲစခန်းထံမှ သိရသည်။ အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ ကျောက်ဆည်ရဲစခန်းတွင် (ပ)၆၃၇/၂၀၁၆၊ ပြစ်မှုပုဒ်မ (၄၃၆)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ကျောက်ဆည်နည်းပညာတက္ကသိုလ်ရှိ စာမေးပွဲအဖြေလွှာများ မီးရှို့ဖျက်ဆီးသူအား ဖမ်းဆီးရမိ
=======================
ကျောက်ဆည်နည်းပညာတက္ကသိုလ်ရှိ စာမေးပွဲအဖြေလွှာများ မီးရှို့ဖျက်ဆီးသူအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ယနေ့ (အောက်တိုဘာလ ၁ရက်)တွင် ကျောက်ဆည်ရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ ကျောက်ဆည်နည်းပညာတက္ကသိုလ်တွင် စက်တင်ဘာလ(၃၀)ရက်၊ နံနက်(၅)နာရီ အချိန်ခန့်က ယခုနှစ်ဖြေဆိုထားသည့် အဖြေလွှာစာရွက်အချို့ မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

“တရားခံကို ဖမ်းမိပါပြီ။ နာမည်က မောင်သိန်းထိုက်အောင် ဒီကျောင်းကပဲ ။ဒုတိယနှစ် mechanical ကပါ။ သူ့သူငယ်ချင်းတွေ စာမေးပွဲမဖြေနိုင်တာကို စိတ်မကောင်းဖြစ်ပြီး လုပ်မိတာလို့ပြောပါတယ်။ လောလောဆယ်တော့ စစ်ဆေးတုန်းပဲရှိပါသေးတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး။”ဟု ကျောက်ဆည်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါမီးလောင်မှုတွင် ကျောင်းဆောင်အား မီးလောင်ခြင်းမရှိဘဲ အဖြေလွှာအချို့သာ မီးလောင်ပျက်စီးခဲ့ပြီး အဖြေလွှာအရေအတွက် မည်မျှဆုံးရှုံးသွားသည်ကိုမူ မသိရှိရသေးကြောင်း ကျောက်ဆည်ရဲစခန်းထံမှ သိရသည်။ အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ ကျောက်ဆည်ရဲစခန်းတွင် (ပ)၆၃၇/၂၀၁၆၊ ပြစ်မှုပုဒ်မ (၄၃၆)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

SKY Land News & Entertainment Media _ Thithtoolwin
https://www.facebook.com/skyland.news

အိန္ဒိယစစ်သားအဖမ်းခံရပြီးနောက် ပါကစ္စတန်နှင့် စစ်ရေးအထူးတင်းမာ

Posted on No comments
 
နိရဉ္စရာ၊ အောက်တိုဘာ ၁

အိန္ဒိယ စစ်သား တစ်ဦးကို ကတ်ရှမီးယား နယ်စပ်မှာ ပါကစ္စတန်ဘက်က ဖမ်းဆီးသွားတဲ့ နောက်ပိုင်းမှာ နှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှု အထူးမြင့်တက်နေတယ်လို့ အိန္ဒိယ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကိုးကားပြီး CNN သတင်းမှာ ဖော်ပြပါတယ်။

အဲဒီ အိန္ဒိယ စစ်သားဟာ စက်တင်ဘာလ ၂၉ ရက်နေ့က အမူမဲ့အမှတ်မဲ့ နယ်ခြားမျဉ်းကို ကျော်ပြီး ပါကစ္စတန်ဘက်ခြမ်းကို ၀င်ရောက်ရာကနေ ဖမ်းဆီးခံရတာဖြစ်တယ်လို့ အိန္ဒိယ စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး Rohan Anand က ပြောတယ်လို့ဆိုပါတယ်။

လက်ရှိ အခြေအနေမှာတော့ အိန္ဒိယနဲ့ ပါကစ္စတန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ အိန္ဒိယ စစ်သားကိစ္စ စကားပြောဆိုမှုတွေ ပြုလုပ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အိန္ဒိယစစ်သား ဖမ်းခံရချိန်ဟာ နယ်စပ်မှာ အိန္ဒိယနဲ့ ပါကစ္စတန်တို့ ကတ်ရှမီးယားနယ်စပ်မှာ တိုက်ပွဲဖြစ်ပြီး ပါကစ္စတန်စစ်သားနှစ်ဦး သေဆုံးသွားတဲ့ အတွက် မတည်မငြိမ်ဖြစ်နေတဲ့ အချိန်လည်း ဖြစ်နေပါတယ်။

ဒီလ အစောပိုင်းကလည်း စစ်သွေးကြွတွေရဲ့ လက်ချက်နဲ့ ကတ်ရှမီးယားနယ်စပ်မှာ အိန္ဒိယ စစ်သား ၁၈ ယောက်သေဆုံးခဲ့ရပြီး အဲဒီနောက်ပိုင်းက စပြီး ကတ်ရှမီးယားနယ်စပ်မှာ တင်းမာနေခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းကြီးကတော့ စိုးရိမ်ကြောင်းနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

နိရဉ္စရာ

https://www.facebook.com/Narinjara

သီလဝါအစုရှယ်ယာတစ်စုကို ဆယ်စုအဖြစ် ခွဲခြမ်းမည်

Posted on No comments

မြန်မာသီလဝါ အက်စ် အီးဇက်ဟိုးလ်ဒင်းပက်ဘလစ် လီမိတက်က ကုမ္ပဏီ၏ လက်ရှိ သာမန် အစုရှယ်ယာ တစ်စုကို ဆယ်စုအဖြစ် ရှယ်ယာခွဲခြမ်းခြင်း ပြုလုပ်မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်သည်။

 ရှယ်ယာတစ်စုချင်းစီ၏ မူရင်း သတ်မှတ်တန်ဖိုး ကျပ် ၁၀,၀၀၀ မှ ကျပ် ၁,၀၀၀ သို့ ပြောင်းလဲမည်ဖြစ်ကြောင်း ဒါရိုက်တာ အဖွဲ့က စက်တင်ဘာ ၂၈ ရက်တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ရှယ်ယာခွဲခြမ်းခြင်းပြီးဆုံးပြီး စတင်အကျိုးသက်ရောက်သည့် နေ့မှစ၍ ကုမ္ပဏီ၏ ထုတ်ဝေပြီး သော အစုရှယ်ယာ စုစုပေါင်း ၃,၈၉၂,၉၁၅ မှ ၃၈,၉၂၉,၁၅၀ သို့ ပြောင်းလဲမည်ဖြစ်သည်။ ရန် ကုန် စတော့အိတ်ချိန်းတွင် အ ရောင်းအဝယ်ကျဆင်းနေခြင်းကို ပြန်လည် မြင့်တက်လာစေရန် သီလဝါအများပိုင်ကုမ္ပဏီက ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ဆို သည်။

‘‘ဈေးကွက်ကို အားပိုကောင်း အောင် ရှယ်ယာကို ခွဲခြမ်းလိုက် တဲ့ သဘောပဲ။ နောက်ပိုင်းမှာ တခြား ကုမ္ပဏီတွေလည်း ဒီလိုလုပ်လာနိုင်တယ်။ စတော့မှာ ဈေး ဆွဲတင်နိုင်ဖို့ ရှယ်ယာခွဲတမ်းတွေ များအောင်လုပ်မှာ’’ဟု စီးပွားရေး ပညာရှင် ဦးလှမောင်က သုံးသပ် သည်။

ရန်ကုန် စတော့အိတ်ချိန်း တွင် စက်တင်ဘာ ၃၀ ရက်က အစုရှယ်ယာတစ်စုလျှင် ကျပ် ၄၃,၀၀၀ ကျော်ဖြင့် အရောင်းအ ဝယ်ဖြစ်နေပြီး စက်တင်ဘာ ၂၉ ရက်ကထက် ကျပ် ၁,၀၀၀ ကျော် မြင့်တက်လာခြင်းဖြစ်သည်။

သီလဝါ၏ အစုရှယ်ယာခွဲ ခြမ်းခြင်းအတွက် ရှယ်ယာရှင်များ က ငွေကြေးထပ်မံပေးသွင်းရန် မလိုအပ်ဟု ဆိုသည်။

ရှယ်ယာခွဲခြမ်းခြင်းအတွက် အထူး ဆုံးဖြတ်ချက် ချမှတ်၍ သင်းဖွဲ့စည်းမျဉ်း ပြင်ဆင်ဖြည့် စွက်ရန် အောက်တိုဘာ ၂၃ ရက် တွင် အစည်းအဝေးပြုလုပ်ကာ အစုရှယ်ယာရှင်များ၏ အတည် ပြုချက်ရယူခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

7Day Daily
http://www.7daydaily.com

မြောက်ကိုရီးယား ဒုံးကျည်ပစ် ရေငုတ်သင်္ဘော တည်ဆောက်နေပြီလား

Posted on No comments
မြောက်ကိုရီးယားရဲ့ လက်နက် ထုတ်လုပ်မှု ဆိုင်ရာ စောင့်ကြည့်နေတဲ့ အမေရိကန် ပြည်ထောင်စု အခြေစိုက် 38North ထုတ်ပြန်တဲ့ ကောင်းကင်ဂြိုဟ်တုဓာတ်ပုံ

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်တွေ ပစ်လွှတ်ဖို့ ရေငုတ်သဘောတခု တည်ဆောက်နေပြီ ဖြစ်နိုင်တယ်လို့ မြောက်ကိုရီးယားရဲ့ လက်နက် ထုတ်လုပ်မှုဆိုင်ရာ စောင့်ကြည့်နေတဲ့ အမေရိကန် ပြည်ထောင်စု အခြေစိုက် 38North အဖွဲ့က ပြောကြားလိုက်ပါတယ်။

ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံတွေကို သူတို့အဖွဲ့က ဝက်ဘက်ဆိုက်မှာ တင်ပြခဲ့တာ ဖြစ်ပြီး အဲဒီပုံတွေမှာ ရေကြောင်းဆိုင်ရာ ဆောက်လုပ်ရေး အစီအစဉ်တခု လုပ်ဆောင်နေတာကို ပြသထားတာပါ။ ဒါပေမယ့် အဲဒီ အစီအစဉ်ဟာ ရေငုတ်သင်္ဘောတစင်း လို့တော့ အတည်မပြုနိုင်ပါဘူး။

တကယ်လို့ သူတို့ရဲ့ ကောင်းကင် ဂြိုဟ်တု ဓါတ်ပုံတွေက ရေငုတ်သင်္ဘော တစင်း ဖြစ်နေမယ် ဆိုရင် ဒါဟာ မြောက်ကိုရီးယားက အရင် နျူကလီယား ထိပ်ဖူးတပ် ဒုံးကျည် ပစ်လွှတ်ခဲ့တဲ့ သင်္ဘောထက်ကို ပိုပြီး ကြီးနိုင်တာပါ။

မြောက်ကိုရီးယားက ပြီးခဲ့တဲ့လထဲ ရေငုတ်သင်္ဘောပေါ်ကနေ ပဲ့ထိမ်းတပ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့ပြီးတဲ့ နောက်မှာ မြောက်ကိုရီးယားရဲ့ ရေကြောင်း အစီအစဉ်နဲ့ ပါတ်သက်ပြီး ကမ္ဘာတဝှမ်းက စိုးရိမ်မှုတွေ ပိုပြီး တိုးလာနေတာဖြစ်ပါတယ်။

ဒီဒုံးကျည်ကို သြဂုတ်လထဲမှာ Sinpo ကမ်းရိုးတန်းမြို့ကလေးနားကနေ ပစ်လွှတ်ခဲ့တာ ဖြစ်ပြီး ဂျပန်လေကြောင်း ကာကွယ်ရေး ပိုင်နက်ဇုံ (ADIZ) ထဲမှာ ရှိတဲ့ ပင်လယ်ပြင်ထဲ ကျမသွားခင် မိုင် ၃၀၀ ကျော် အကွာအဝေးထိ ရောက် လာခဲ့တာဖြစ်ပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com

DKBA ဆီကို ပို့မယ့် လက်နက်တွေ ထိုင်းမှာ ဖမ်းမိ

Posted on No comments
 ပြီးခဲ့တဲ့ ၂ ရက်မှာ မော်တာ ပစ် ခတ်သံတွေ ပြန်ပြီး ကြားနေရ

စက်တင်ဘာလ ၃၀ ရက်နေ့က ဒီကေဘီအေခွဲထွက် အဖွဲ့ဆီကို ပို့မယ့် လက်နက်ခဲယမ်း တွေနဲ့ ရိက္ခာခြောက်တွေကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

မဲသဝေါ ဒေသမှာ အစိုးရ တပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့ နဲ့ ဒီကေဘီအေ ခွဲထွက် အဖွဲ့ ဟာ တိုက်ပွဲတွေ ဖြစ်ပွား နေပါတယ်။

မဲဆောက်အုပ်ချုပ်ရေးမှူးရုံး၊ စစ်တပ်နဲ့ရဲပူးပေါင်းအဖွဲ့တွေက အမှတ် ၂ ရပ်ကွက် တောင်ယာ ထဲက အိမ် ၃ လုံးနဲ့ ဂိုဒေါင်တလုံး ရှိတဲ့ နေရာကို သတင်းအရ ဝိုင်းပြီး ရှာဖွေရာမှာ ပွိုင့် ၂၂ စနိုက်ပါ တပ်ထားတဲ့ ရိုင်ဖယ်တလက်နဲ့ ကျည်ဆံ တစ်ရာနီးပါး၊ အမ် ၆၇ လက်ပစ်ဗုံး ၁၄၁ လုံး၊ အမ် ၇၉ ကျည် ၅၁ လုံးနဲ့ ငါးသေတ္တာ၊ ခြောက်ဆွဲခြောက်တွေနဲ့ ဆေးဝါးတွေကို ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။

မြန်မာနိုင်ငံသား အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို ထိုင်း တာဝန်ရှိ သူတွေရဲ့ကနဉီး စစ်ဆေးချက် အရ ဒီပစ္စည်း တွေကို မဲသဝေါက ဒီကေဘီအေ ခွဲထွက်အဖွဲ့ရှိရာ ကိုပို့မှာဖြစ်တယ်လို့အစစ်ခံထားကြောင်းသိရပါတယ်။

လောလောဆယ်အမှုနဲ့ ပတ်သက်ပြီး ဆက်လက် စုံစမ်း ဖေါ်ထုတ် စရာ တွေရှိနေတဲ့ အတွက် ဖမ်းဆီးခံရတဲ့ အမျိုးသား ၅ ယောက်နဲ့အမျိုးသမီး ၁ ယောက်တွေရဲ့ အချက်အလက် တွေကို မထုတ်ပြန်သေး ဘူးလို့မဲဆောက်ရဲကပြောပါတယ်။

မဲသေဝေါဖက်မှာ ပစ်ခတ်သံတွေ မကြားရသလောက်ဖြစ်နေရာက ပြီးခဲ့တဲ့ ၂ ရက်မှာ မော်တာ ပစ် ခတ်သံတွေ ပြန်ပြီး ကြားနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။

မြန်မာဖက်အခြမ်းက စစ်ဖြစ်နေတဲ့ ဒေသဘက်ကို အခုလိုမျိုး လက်နက်ခဲယမ်း၊ ရိက္ခာတွေကို လျို့ဝှက် တင်ပို့မှုတွေ ရှိနေမယ်ဆိုရင် တိုက်ပွဲတွေ ဆက်ပြီး ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ထိုင်းနယ်စပ် လုံခြုံရေး တာဝန်ရှိသူတွေက ပြောကြား နေပါတယ်။

BBC Burmese
http://www.bbc.com/burmese
Don't Miss