Responsive Ad Slot

Latest

Sports

Showing posts with label TheMirrorDaily. Show all posts
Showing posts with label TheMirrorDaily. Show all posts

တောင်ဒဂုံသစ်ဆိပ်အနီး ကွေ့မချောင်းရိုး၌ မိချောင်းတစ်ကောင် ဖမ်းဆီးရမိ

Posted on Friday, November 4, 2016 No comments

ရန်ကုန် နိုဝင်ဘာ ၃

တောင်ဒဂုံသစ်ဆိပ်ရှိ သစ်လုံးများအဝင်အထွက်မှတ်သော ဖြတ်ပိုင်းရုံး အနီး ကွေ့မချောင်းအတွင်း အရှည်ရှစ်ပေခွဲရှိသော မိချောင်း တစ်ကောင်အား နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။

၎င်းကွေ့မချောင်းသည် ငမိုးရိပ်ချောင်းအတွင်းစီးဝင်သော ချောင်း လက်တက်တစ်ခုဖြစ်ပြီး မြစ်ရေတက်သောအခါချောင်းရေပြည့်ပြီး မြစ်ရေကျသွားလျှင် ချောင်းရိုးငယ်တစ်ခုအဖြစ်သာရှိသော ချောင်းတစ်ခုဖြစ်သည်။

မိချောင်း၏ ခြေသည်းလက်သည်းများမှာ ဖြတ်တောက်ထားသောပုံသဏ္ဌာန်ရှိသဖြင့် အနီးအနားမွေးမြူရေး စခန်းမှ ရေတက်သောအချိန် လွတ်ထွက်လာသော မိချောင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောကြားလျက်ရှိသည်။

''ကျွန်တော် ဒီသစ်ဆိပ်မှာတာဝန်ကျနေတာ ဆယ်နှစ်ကျော် ပါပြီ။ တစ်ခါမှမိချောင်းတွေ့တယ်လို့မကြားရသလို မြင်လည်းမမြင် မိပါဘူး။ အခုလိုတွေ့တာ အံ့သြပါတယ်။

သစ်ဆိပ်အနီးနေထိုင်ကြတဲ့ ဒေသခံတွေက ဒီရိုးချောင်းမှာ တစ်သက်လုံး ဖားရှာ ငါးရှာနေလာခဲ့ ကြတာပါ။ ဒီမိချောင်းတွေ့တဲ့သူက ပထမသေးသေးလေးအောက်မေ့ပြီး ကျဉ်စက်နဲ့ မိချောင်းခေါင်းကိုညှပ်ထိုးပြီး ဖမ်းတာ၊ မိချောင်းက ကြီးတော့ ပတ်ဝန်းကျင်အကူအညီတောင်းလို့ သစ်ဆိပ်ဝန်ထမ်းတွေနဲ့ အနီးအနားကလူတွေ ဝိုင်းဖမ်းကြတယ်။

မိချောင်းက ကျဉ်စက် ဒဏ်ကြောင့် အမြီးကခြုံတွေနဲ့ငြိနေလို့ ဝိုင်းတက်ဖိပြီး ဖမ်းခဲ့ရတယ်။ ရေနည်းနေတော့တော်သေးတယ်။ ဘယ်သူမှ အန္တရာယ်မရှိဘူး'' ဟု သစ်ဆိပ်တာဝန်ခံ ဦးဝင်းကိုက ပြောသည်။

၎င်းမိချောင်းအား သက်ဆိုင်ရာသို့အကြောင်းကြားပြီး သာကေတ မိချောင်းမွေးမြူရေးစခန်းသို့ ပို့ဆောင်ထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကြေးမုံ

https://www.facebook.com/TheMirrorDaily
Don't Miss