နမ့်လန်ကျေးရွာရှိ စည်ပင်သာယာဈေး မီးလောင်ကျွမ်းနေစဉ် |
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ် နမ့်လန်ကျေးရွာတွင် နိုဝင်ဘာ ၆ ရက် ညနေ ၆ နာရီခွဲခန့်က နမ့်လန်ကျေးရွာရှိ စည်ပင်သာယာဈေး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် နမ့်လန်ကျေးရွာ စည်ပင်သာယာဈေးရှိ ဈေးဆိုင်ခန်းအားလုံး မီးလောင်ကျွမ်းခံခဲ့ရကြောင်း သိရသည်။
“မီးလောင်တဲ့အချိန်က ဈေးလည်းပိတ်ပြီးပြီ။ ဈေးတံခါးတွေလည်း အကုန်လုံးသော့ခတ်ပြီးပြီ။ ဈေးအလယ်လောက်ကနေ စလောင်တာပေါ့။ မီးလောင်မှုကို ငြှိမ်းသတ်ဖို့ သီပေါ၊ လားရှိုး၊ ကျောက်မဲ၊ နောင်မွန်ကနေ မီးသတ်ကားတွေလာပြီး ငြှိမ်းသတ်ကြပါတယ်။ ဈေးဆိုင်ခန်းတွေ တစ်ဈေးလုံးလည်း အကုန်လုံး လောင်သွားပါတယ်။ ဘေးအိမ်တွေကိုတော့ မီးမကူးပါဘူး” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင်က ပြောကြားသည်။
“ဈေးရဲ့ လေးဖက်လေးတန်က မီးလောင်ကျွမ်းနေတဲ့အရာတွေကို ဘူဒိုဇာနဲ့အထဲက တွန်းပို့နေတယ်။ ဘေးပတ်ဝန်းကျင်ကို မီးမကူးနိုင်အောင်လို့။ ညနေ ၆ နာရီခွဲလောက်ကနေ မီးစလောင်တာ။ ည ၈ နာရီခွဲထိကို မီးတောက်တွေက တဟုန်းဟုန်းတက်နေတုန်း။ ၉ နာရီခွဲလောက်ရောက်မှ မီးတောက်ကြီးက ကျသွားတယ်။ စိတ်ချရတဲ့ အနေအထား ဖြစ်သွားတယ်။ ဈေးအလယ်မှာတော့ လောင်နေတုန်းပဲ။ ဘေးပတ်ဝန်းကျင်အိမ်တွေကို မလောင်နိုင်တော့ပါဘူး။ အိမ်တွေကတော့ တစ်အိမ်မှ မီးမကူးပါဘူး။ တခြားမြို့က မီးသတ်ကားတွေ ရောက်လာမှပဲ မီးကိုနိုင်သွားတာ။ ဆိုင်ခန်းပေါင်းက ၃၀၀ ကျော်ရှိပါတယ်။မီးစလောင်တာက ဈေးအလယ်ကောင်ကနေ စပြီးလောင်တာပါ” ဟု နမ့်လန်ကျေးရွာမှ စိုင်းဆမ်လင်းက ဆိုသည်။
နမ့်လန်ကျေးရွာသည် ရပ်ကွက် (၁၁) ရပ်ကွက်နှင့် အိမ်ခြေပေါင်း ၄၀၀၀ ကျော်ရှိပြီး ယခုမီးလောင်ကျွမ်းသွားသော နမ့်လန်ဈေးသည် ဈေးဆိုင်ခန်းပေါင်း ၃၀၀ ကျော် ခန့်ရှိကြောင်း သိရသည်။
Writer: ထွန်းနေလှိုင် (နောင်ပိန်)
Eleven Media Group
http://www.news-eleven.com/