ဓာတ်ပုံ- ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန |
ရန်ကုန်၊ အောက်တိုဘာ ၂၇
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသား ၁၂၈ ဦးသည် ယနေ့ (အောက်တိုဘာ ၂၇ ရက်) နံနက် ၁ နာရီ ၃၅ မိနစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိလာခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ယခုရောက်ရှိလာသည့် ၁၂၈ ဦးတွင် လူကြီး ၁၂၅ ဦး၊ ၁၁ နှစ်အရွယ် ကလေးတစ်ဦး၊ သုံးနှစ်အရွယ် ကလေးတစ်ဦး၊ ရင်ခွင်ပိုက် ကလေးတစ်ဦးတို့ ပါဝင်ကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက ကြိုဆိုကူညီခဲ့ကြောင်း၊ ပြန်လည်ရောက်ရှိလာသူများအား ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ခရီးစရိတ်အဖြစ် တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီကိုလည်း ပံ့ပိုးပေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာသံရုံး ကွာလာလမ်ပူမြို့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသားများအား အလှူရှင်များ၏ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်လျက် ရှိရာ ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့် (၁၃) သုတ်မြောက်အဖြစ် ရောက်ရှိလာခြင်း ဖြစ်ပြီး ယခုအချိန်အထိ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသား စုစုပေါင်း (၁၇၇၄) ဦးအား ပြန်လည်ပို့ဆောင်ပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
The Voice
http://thevoicemyanmar.com/