ထိုင်းနိုင်ငံအလယ်ပိုင်း ပထုံဌာနီခရိုင်မှာ မြန်မာအပါအ၀င် တရားမ၀င်ရွှေ့ပြောင်း အလုပ်သမားတွေ ငှားရမ်းပြီး ကော်ဖီမှုန့်အတု ထုတ်လုပ်တဲ့ စက်ရုံတရုံကို ထိုင်းရဲတပ်ဖွဲ့က ၀င်ရောက်စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
လေဟာပြင်ဈေးနဲ့ လမ်းဘေးဈေးတွေမှာ ကော်ဖီမစ်ထုပ်အတုတွေ တွေ့ရှိကြောင်း တိုင်ကြားချက်ရပြီးတဲ့နောက် တာဝန်ရှိသူတွေက စုံစမ်းထောက်လှမ်းပြီး ပထုံဌာနီခရိုင် လမ်လုတ်ကျောက်မြို့နယ် ခလောင်းဖရအုဒုမ်းရပ်ကွက်ထဲက အိမ်တအိမ်ကို အောက်တိုဘာ ၆ ရက်က ၀င်ရောက်စီးနင်းရှာဖွေခဲ့တာလို့ လမ်လုတ်ကျောက် မြို့နယ်ရဲစခန်း တာဝန်ကျရဲမှူး ချောင်ဝလစ်ဆ၀ိုင်ဖိုတ်က သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါ အိမ်ထဲကနေ စုစုပေါင်း ဘတ် ၂ သန်းကျော် တန်ဖိုးရှိ နာမည်ကြီးကော်ဖီမစ်တံ ဆိပ်စုံကို အတုလုပ်ထားတဲ့ ကော်ဖီမစ်တု အထုပ်ပေါင်း ၄သိန်းကျော်၊ မထည့်ရသေးတဲ့ အခွံလွတ်တွေ၊ ကော်ဖီမှုန့်ထဲ ထည့်တဲ့ ခရင်မ်တု၊ သကြားထုပ်နဲ့ ကော်ဖီမှုန့်ထုတ်လုပ်တဲ့ စက် ၄ လုံးကို ဖမ်းဆီးရမိကြောင်း ရဲမှူးက ပြောပါတယ်။
တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးစဉ်မှာ အိမ်ရှင်ဖြစ်သူရှိမနေဘဲ အလုပ်သမားတွေသာ တွေ့ခဲ့ရကြောင်း၊ အဲဒီထဲမှာ မြန်မာ ၃ ဦး ၊ လာအို ၄ ဦး ပေါင်း နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမား ၇ ဦး ပါဝင်ပြီး ၅ ဦးမှာ အလုပ်လုပ်ခွင့်လက်မှတ် မရှိဘူးလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်အရှိဆုံးဖြစ်တဲ့ အလုပ်ရှင်/ အိမ်ရှင်ဟာ စားသုံးသူများ ကာကွယ်ရေးဥပဒေ၊ ထုတ်ကုန်တံဆိပ်အတု ထုတ်လုပ်ရောင်းချမှုနဲ့ရော၊ တရားမ၀င် အလုပ်သမား ငှားရမ်းမှုတွေနဲ့ပါ အရေးယူခံရမယ်လို့ ရဲမှူးက ပြောပါတယ်။
ဒီဗွီဘီ
http://burmese.dvb.no/