မောင်တောခရိုင် ကျီးကန်ပြင်ဌာနချုပ်အနီး ၀က်ပိတ်ကျေးရွာ၌ ယနေ့(အောက်တိုဘာ ၁၂ ရက်) နံနက်ပိုင်းက တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် သေနတ်ပစ်ခတ်မှုများမှာ အောက်တိုဘာ ၁၂ ရက် နံနက် ၁၀ နာရီ ၀န်းကျင်ခန့်တွင် စတင်ခဲ့ကြောင်းသိရပြီး မွန်းလွဲ ၁၂ နာရီခွဲဝန်းကျင် အထိ သေနတ်ပစ်ခတ်သံများ ကြားရကြောင်း ၀က်ပိတ်ကျေးရွာအနီးရှိ အောင်မင်္ဂလာကျေးရွာနေ ဦးကျော်စိုးမိုးက ပြောကြားသည်။
"၀က်ပိတ်ကျေးရွာမှာ ဖြစ်စဉ်ဖြစ်ကတည်းက ဘင်္ဂါလီတွေ မရှိတော့ဘူးလို့ သိရတယ်။ ဒီနေ့ အဲဒီရွာထဲကို တပ်မတော်က ၀င်ရှင်းတဲ့အချိန်မှာ ပစ်ခတ်သံတွေကြားရတာ ဖြစ်ပါတယ်။ အခုထိ သေနတ်ပစ်သံ တစ်ချက်တစ်ချက် ကြားနေရတုန်းဘဲ။ မိုးကလည်း တအားသည်းနေတော့ ဖြစ်စဉ်အတိအကျကို မသိရသေးပါဘူး" ဟု အောင်မင်္ဂလာကျေးရွာနေ ဦးကျော်စိုးမိုးက ပြောကြားသည်။
ထိုသို့ ပစ်ခတ်မှုဖြစ်ပွားသည် ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ဇေယျကျေးရွာမှ ကျောင်းဆရာ ကိုဇော်ဝင်းက ပတ်ခတ်မှု စတင်ဖြစ်ပွားသည့် နံနက် ၁၀နာရီဝန်းကျင်ခန့်ဖြစ်ပြီး ၀က်ပိတ်ကျေးရွာတွင် ဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း၊ အကြမ်းဖက်သမားများမှာ ကျေးရွာမှ ထွက်ပြေးစဉ် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။
ထို့ပြင် အောင်ဇေယျကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဖြိုးထွန်းက "သတင်းထွက်နေတဲ့ ကျီးကန်ပြင်ကို ၀င်စီးတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သိရသလောက်တော့ ပစ်ခတ်တာက ၀က်ပိတ်နားမှာဖြစ်တယ်လို့ သိရပါတယ်။ တပ်မတော်က လက်နက်ကြီးနဲ့ ပစ်လိုက်လို့ အခုချိန်မှာ ငြိမ်သွားပီလို့ သိရတယ်။ အခုလဲ ၀က်ပိတ်ရွာရဲ့ နောက်ဘက် ပုဇွန်ကန်မှာ ဘင်္ဂါလီတွေ စုရုံးရောက်ရှိနေတယ်လို့ သိရပါတယ်" ဟု ယနေ့ မွန်းလွဲ ၁ နာရီခန့်က ပြောကြားသည်။
ယင်းဝက်ပိတ်ကျေးရွာမှာ ကျီးကန်းပြင်ရဲဌာနချုပ်နှင့် တစ်မိုင်ခန့် ကွာဝေးပြီး ဘင်္ဂါလူမျိုးများ နေထိုင်သည့် ကျေးရွာတစ်ခုဖြစ်ကြောင်း၊ ယင်းကျေးရွာအနီးတွင် ရခိုင်တိုင်းရင်းသားများ နေထိုင်သည့် အောင်ဇေယျကျေးရွာ၊ အောင်မင်္ဂလာကျေးရွာ၊ ကျီးကန်ပြင်ကျေးရွာ၊ အောင်သာယာကျေးရွာတို့ တည်ရှိကြောင်း သိရသည်။
Writer: မင်းသိန်းနိုင်၊ သားရွှေဦး
Eleven Media Group
http://www.news-eleven.com/