ဆူပူမှုဖြစ်ပွားခဲ့သည့် မြင်းခြံအကျဉ်းထောင်အား အောက်တိုဘာ ၁၁ ရက် နံနက်က တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း) |
မြင်းခြံထောင်တွင် အကျဉ်းသားများက အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံသည်ဟုဆိုကာ မြင်းခြံထောင်ပိုင်အား အလိုမရှိကြောင်းနှင့် ရွှေ့ပြောင်းပေးရန် ထောင်တွင်း ဆူပူမှု အောက်တိုဘာ ၁၁ ရက် နံနက် ၇ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြင်းခြံထောင်အတွင်းရှိ အဆောင် (၁) မှစ၍ ထောင်ပိုင် အလိုမရှိကြောင်းနှင့် ထောင်ပိုင်အား ရွှေ့ပြောင်းပေးရန် စတင်တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် တောင်းဆိုမှုမှာ အခြားအဆောင်များသို့ ကူးစက်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဥပဒေအရာရှိတို့ ရောက်ရှိလာပြီး လုံခြုံရေးရယူခြင်းနှင့် တောင်းဆိုမှု ပြုလုပ်သည့် အကျဉ်းသားများနှင့် တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်အား လေ့လာနေသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် မြင်းခြံခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၏ ပြောကြားချက်အရ သိရသည်။
“ကျွန်တော်တို့က အစည်းအဝေးရှိနေလို့ ချက်ချင်းမသိလိုက်ဘူး။ ထောင်ဆီကို ၁၀ နာရီလောက်မှာ ရောက်သွားတယ်။ ထောင်က တံခါးတွေ ပိတ်ထားတယ်။ လုံခြုံရေးကို ပြောပြလိုက်ပြီး သူတို့ သတင်းပို့အပြီးမှာ ၀င်းထဲဝင်ရတယ်။ ပြီးတော့ ဘူးမှာရှိတဲ့ ဧည့်ခန်းမှာ ထိုင်စောင့်ရတယ်။ ထောင်ပိုင်ကြီး လာတွေ့ပြီးပြောပြချက်အရ သူက စည်းကမ်းနဲ့ အုပ်ချုပ်တာကို ထောင်သားတွေက မကျေနပ်လို့ ဆူတာလို့ ပြောပြတယ်။ အကျဉ်းသားခေါင်းဆောင် တစ်ယောက်နဲ့ သူတို့နဲ့ ညှိလိုက်လို့ ပြေလည်သွားပြီလို့ သိရတယ်။ ဒါက သူပြောတဲ့အပိုင်းပေါ့ဗျာ။ ကျွန်တော်တို့ အပြင်မှာ ကြားနေရတာတော့ စားတဲ့သောက်တဲ့နေရာ အဆင်မပြေတာ၊ ဖိနှိပ်တာတွေ ရှိတယ်။ အကျဉ်းသားအခွင့်အရေး ဆုံးရှုံးတာတွေ ရှိတယ်လို့ သိရတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံသားမူလအခွင့်အရေး၊ ဒီမိုကရေစီရေး လူအခွင့်အရေးကော်မတီကိုတော့ ပြန်တင်ပြသွားမယ်”ဟု မြင်းခြံခရိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်က ပြောကြားသည်။
မြင်းခြံထောင်အတွင်း အကျဉ်းသားများ ဆူပူမှုဖြစ်စဉ်နှင့် ပတ်သက်၍ အကျဉ်းထောင်သို့ သွားရောက်ပြီး ထောင်လုံခြုံရေးဂိတ် တာဝန်ကျတပ်သားမှ တစ်ဆင့် ထောင်ပိုင်၊ ထောင်မှူးများနှင့် တွေ့ဆုံခွင့်တောင်းရာ လုံခြုံရေးအရ မည်သူ့ကိုမျှ ၀င်ခွင့်မပြုကြောင်း ပြန်လည်ဖြေကြားသည်။
ထိုသို့ ဖြေကြားခြင်းကြောင့် Eleven Media Group မှ သတင်းမေးမြန်းလိုကြောင်း သွားရောက် သတင်းပို့ပေးပါရန် ထပ်မံပြောဆိုရာ လူကြီးများ ဆွေးနွေးမှု ပြုလုပ်နေခြင်းကြောင့် တွေ့ဆုံခွင့် မပေးခြင်းဖြစ်ကြောင်း ထပ်မံဖြေကြားသည်။
“ထောင်မှာ ဆူတယ်လို့ သိသိချင်း ထောင်ဆီကို သွားတယ်။ ၀င်ခွင့်မရဘူး။ အပြင်မှာပဲ နေရတယ်။ အကျဉ်းသားတွေ အော်သံကို အပြင်ကနေ ကျွန်တော်တို့ ဒီအတိုင်းကြားရတယ်။ အထဲမှာတော့ ထောင်ပိုင်အလို မရှိလို့ အော်တယ်လို့ သိရတယ်။ အပြင်ကိုတော့ “ဟေး” ဆိုတဲ့ အသံကြီး ကြားနေရတယ်။ အဓိက က ခေါင်းအုံးမပေးတာ။ စောင်ကို လုံလောက်အောင် မပေးတာ။ အစားအသောက်ကို နိုင်ငံတော်က ပေးတာထက် လျှော့ကျွေးတာ။ ဆေးကုသခွင့် မရတာတွေကြောင့် ထောင်ဆူပူဖြစ်တာလို့ သိရတယ်။ ဒီထောင်ပိုင်လက်ထက်မှာ ကျွန်တော်တို့ ပြုစုထားတဲ့ စာရင်းတွေအရ သေဆုံးတဲ့ အကျဉ်းသား ကိုးဦးရှိပါပြီ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ မြင်းခြံမြို့ခံ ကိုသန်းထိုက်အောင်က ပြောကြားသည်။
အကျဉ်းသားများ ဆူပူမှုဖြစ်ပွားခဲ့ခြင်းကြောင့် ထောင်ဝင်စာ လာရောက်တွေ့ဆုံသည့် အကျဉ်းသားများ၏ မိသားစုများမှာ တွေ့ဆုံခွင့်မရကြောင်း သိရပြီး မြင်းခြံထောင်အား အုပ်ချုပ်နေသည့် ထောင်ပိုင် ဦးဇော်မင်းအောင် ရွှေ့ပြောင်းလာသည်မှာ လပိုင်းသာရှိသေးကြောင်း ထပ်မံသိရှိရသည်။
နံနက် ၆ နာရီ ၁၅ မိနစ်တွင် အဆောင် (၁) မှ အကျဉ်းသား ကျော်ကိုကိုနှင့် ဆန်းကျော်တို့ ခိုက်ရန်ဖြစ်ပွားရာ ထောင်ပိုင်ကြီးပါ ၃၀ တို့မှ တန်းစီ ထိန်းသိမ်းမှုပြုလုပ်ပြီး ရန်ဖြစ်သူနှစ်ဦးအား သီးခြားစီ တိုက်ပိတ်ခဲ့ကြောင်း၊ ၆ နာရီခွဲတွင် အဆောင် (၂) မှ အကျဉ်းသား ကျော်မိုးလင်းနှင့် ကျော်ကြီးတို့ ခိုက်ရန်ဖြစ်ပွားရာမှ ကျန်အကျဉ်းသားများမှ ထောင်ပိုင်ကြီး အလိုမရှိကြောင်း စတင် အော်ဟစ်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ထောင်ကြီးကြပ်ရေးမှူးနှင့် အကျဉ်းသားကိုယ်စားလှယ်တို့ တွေ့ဆုံညှိနှိုင်းရာတွင် အကျဉ်းသားများဘက်မှ တိုက်ပိတ်အကျဉ်းသားနှစ်ဦးအား ပြန်လွှတ်ပေးရန်၊ အမွှေးတိုင် လိပ်ခြင်း၊ စက်ချုပ်ခြင်းနှင့် မျက်တောင်တု ထုတ်လုပ်သည့် လုပ်ငန်းများတွင် အကျဉ်းသားများအား မခိုင်းရန်နှင့် ထောင်ပိုင်ကြီးနှင့် ထောင်မှူးကြီး ဇော်ရဲအောင်တို့အား အလိုမရှိကြောင်း စသည့် အချက်သုံးချက်အား တောင်းဆိုခဲ့ကြောင်း သိရသည်။
ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်တရားသူကြီးနှင့် အခြားဌာနဆိုင်ရာ အရာရှိများ ပါဝင်သည့် ညှိနှိုင်းရေးအဖွဲ့နှင့် အကျဉ်းသားကိုယ်စားလှယ် သုံးဦးတို့ ထပ်မံတွေ့ဆုံရာ ထောင်ဆူပူရခြင်းမှာ အကျဉ်းသားများ နေထိုင်စားသောက်ရေး အဆင်မပြေခြင်း၊ ဖိနှိပ်မှုများပြားခြင်း၊ ဟင်းဝယ်ခွင့်မရခြင်း၊ မီးဖိုဆောင်ထွက်ခွင့်မရခြင်း ၊ ရေ၀အောင် မချိုးရခြင်း၊ ရေချိုးရန် ဒီဇယ်ပေးရခြင်း၊ အဆောင်ကူးခွင့် မရခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုများပြားခြင်း တို့ကြောင့် ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဆက်လက်ဖော်ပြထားသည်။
တိုက်ပိတ်အကျဉ်းသားများအား ပြန်လွှတ်ပေးပြီးနောက် ကျန်အချက်များနှင့် ပတ်သက်၍ မန္တလေးတိုင်း ထောင်အုပ်စုညွှန်ကြားရေးမှူး ဦးမိုးဇော်နှင့် အကျဉ်းသားများ ဆက်လက်ညှိနှိုင်းနေကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
Writer: သက်ထိန်ဝင်း
Eleven Media Group
http://www.news-eleven.com/