Responsive Ad Slot

Latest

Sports

မောင်တောဖြစ်စဉ် ကိုင်တွယ်ဖြေရှင်းမှုအပေါ် ဖိအားပေးခံနေရဆဲ

Saturday, October 29, 2016


မောင်တောခရိုင်အတွင်းဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုများကြောင့် နေရပ်စွန့်ခွာ
ပြေးလာကြသူအများစုဟာ အောက်တိုဘာလ ၂၄ ရက်ကစပြီး ပြည်နယ်အစိုးရရဲ့ စီစဉ်ပေးမှုနဲ့
နေရပ်ကို ပြန်လာနေကြပြီဖြစ်ပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးလာသူ ဒေသခံ ၃,၀၀၀ ကျော်ရှိပြီး အများစုမှာ ၎င်းတို့ဒေသကို ပြန်လာနေကြပြီ
ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် အကန့်အသတ်မရှိ ပိတ်ထားခဲ့ရတဲ့ စာသင်ကျောင်းများအနက်
၆၃ ကျောင်းကို အောက်တိုဘာ ၂၄ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့ပြီး လုံခြုံရေးအရ တည်ငြိမ်တဲ့
အခြေအနေကို ရောက်ရှိနေပြီဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒေသလုံခြုံရေး ပိုမိုအားကောင်းလာပြီး ဒေသခံ နေရပ်စွန့်ခွာသူတွေ ပြန်လာနေကြပြီဖြစ်သလို
ကျောင်းတွေလည်းပြန်ဖွင့်နေပြီလို့ အစိုးရကဆိုပေမဲ့ တပ်မတော်ကတော့ နယ်မြေရှင်းလင်းရေးကို
ဆက်လက်ဆောင် ရွက်နေဆဲဖြစ်ပြီး လုံခြုံရေးအခြေအနေအရ မောင်တောခရိုင်မြောက်ပိုင်းက
ကျေးရွာတွေဆီကို သွားလာခွင့်ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

အောက်တိုဘာ ၉ ရက်နောက်ပိုင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို
ချောင်းမြောင်းပစ်ခတ်မှု၊ သိုဝှက်ထားတဲ့ လက်နက်တွေ ရှာဖွေတွေ့ရှိမှု၊ မိုင်းပေါက်ကွဲမှု
ဖြစ်စဉ်တွေရှိခဲ့တာမို့ ပြည့်စုံတဲ့ နယ်မြေရှင်းလင်းမှု မပြီးဆုံးသေးတဲ့အတွက် ဘယ်သူ့ကိုမှ
ဝင်ရောက်ခွင့် မပြုတာဖြစ်တယ်လို့ မောင်တောခရိုင် မြောက်ပိုင်းမှာ နယ်မြေရှင်းလင်းမှုဆောင်ရွက်ရေး
တာဝန်ယူထားတဲ့ ဗိုလ်မှူး ကျော်နိုင်စိုးက ပြောပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းတွေ အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ မီဒီယာ
တချို့ကတော့ အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ ဒေသ၀န်းကျင်မှာရှိတဲ့ ဒေသခံမွတ်စလင်တွေကို
တပ်မတော်က သတ်ဖြတ်မှု၊ ဖမ်းဆီးနှိပ်စက်မှုနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေရှိနေတယ်လို့
စွပ်စွဲထုတ်ပြန်ထားပြီး၊ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုဆောင်ရွက်ဖို့လည်း တောင်းဆိုထားပါတယ်။

ဒေသခံမွတ်စလင် ၁၃,၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး အများစုဟာ နေအိမ်စွန့်ခွာ
ထွက်သွားဖို့ တပ်မတော်က ဖိအားပေးခြင်း ခံရသူတွေဖြစ်တယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ
အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ထားပါတယ်။

အစိုးရနဲ့ တပ်မတော်ပိုင်းတာဝန်ရှိသူတွေကတော့ ထိုစွပ်စွဲချက်တွေကို ငြင်းဆိုထားပေမဲ့
ကျီးကန်းပြင်အထက်မြောက်ပိုင်း ကျေးရွာတွေကို သွားရောက်သတင်းယူခွင့် အပါအ၀င်
နိုင်ငံတကာအဖွဲ့အစည်းတွေ ၀င်ရောက်ခွင့်ကို တားမြစ်ထားဆဲဖြစ်ပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ မောင်တောခရိုင်အတွင်းမှာ တိုင်းရင်းသားလူမျိုး တစ်သိန်းကျော်နဲ့ ဘင်္ဂါလီလူမျိုး
ခုနစ်သိန်းကျော် နေထိုင်နေကြတာ ဖြစ်ပါတယ်။

နိုင်ငံပိုင်သတင်းစာတွေရဲ့ ထုတ်ပြန်ချက်အရ အကြမ်းဖက်မှုဖြစ်စဉ်မှာ ပါဝင်တယ်လို့ ယူဆရသူ
၆၀ ကျော်နဲ့ အကြမ်းဖက်သမားတချို့ကို ငွေကြေးထောက်ပံ့ခဲ့တယ်လို့ ယူဆရသူတစ်ဦးကို
ဖမ်းဆီးရမိထားပြီး နှစ်ဖက်ထိတွေ့မှု ဖြစ်စဉ်ကြောင့် သေဆုံးသူ ဦးရေ ၄၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ ဖမ်းဆီးရမိထားသူတွေနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲအခြေအနေနဲ့ အကြမ်းဖက်မှု
ကျူးလွန်ခဲ့တဲ့ အဖွဲ့အစည်းအမည်ကို တိတိကျကျထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ထို့အတူ ဒေသခံတိုင်းရင်းသားတွေ နေရပ်စွန့်ခွာမှု၊ ကူညီထောက်ပံ့ပေးမှု အပါအ၀င် လုံခြုံရေး
အခြေအနေတွေကို သတင်းထုတ်ပြန်မှုတွေ ရှိပေမဲ့ ဒေသခံမွတ်စလင်တွေနဲ့ ပတ်သက်တဲ့ တိကျတဲ့
သတင်းထုတ်ပြန်ပေးမှု မရှိတာက ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက
စွပ်စွဲချက်တွေကို ပိုပြီး အရှိန်မြင့်တက်စေလျက် ရှိပါတယ်။

"မီးရှို့သွားတဲ့ အိမ်တွေကို ကျွန်တော်တို့ကတောင် မီးငြှိမ်းပေးရပါသေးတယ်။ ခုဆို ရိုးသားတဲ့
မွတ်စလင်ဒေသခံတွေလည်း ရွာတွေကို ပြန်လာနေကြပါပြီ။ နယ်မြေရှင်းလင်းရေးသွားလို့ ပုန်းနေတဲ့
ဒေသခံတွေ တွေ့ရင် ရွာကိုပြန်ဖို့နဲ့ လိုအပ်တဲ့ ပူးပေါင်းမှုလုပ်ဖို့ ကျွန်တော်တို့ဘက်က
တိုက်တွန်းနေတာပါ" လို့ ဗိုလ်မှူးကျော်နိုင်စိုးက အောက်တိုဘာ ၂၅ ရက်က ပြောပါတယ်။

အောက်တိုဘာ ၉ ရက်က အကြမ်းဖက်သမားတွေ စီးနင်းတိုက်ခိုက်ခံရပြီး လက်နက်တွေအများဆုံး
ယူဆောင်သွားခံရတဲ့ ကျီးကန်းပြင် နယ်ခြားစောင့် စစ်ဆေးရေးဂိတ်အပါအ၀င် အထက်မြောက်ပိုင်း
ကျေးရွာတွေ နယ်မြေရှင်းလင်းမှုဆောင်ရွက်ရေး တာဝန်ယူထားတဲ့ ဗိုလ်မှူး ကျော်နိုင်စိုးက
ဒေသအခြေအနေက ပုံမှန်တည်ငြိမ်မှုအနေအထားကို ရရှိလာပြီဖြစ်ပြီး ဒေသခံရွာသားတချို့လည်း
ကျေးရွာတွေမှာ ပြန်လည် ၀င်ရောက်နေထိုင်နေကြပြီလို့ ပြောပါတယ်။

ဒေသခံမွတ်စလင်ရွာသားတချို့လည်း မူလရွာတွေမှာ ပြန်လည်ဝင်ရောက်နေထိုင်ကြတာတွေ့ရပြီး
တပ်မတော်အနေနဲ့တော့ စုံစမ်းစစ်ဆေးမှုတချို့ရှိတာကလွဲရင် ပြစ်မှုကျူးလွန်မှုမှာ မပါဝင်သူတွေကို
ရွာတွေမှာ အေးအေးဆေးဆေး ပြန်လည်နေထိုင်ဖို့ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အကြမ်းဖက်မှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး
ဖမ်းဆီးရမိထားသူတွေကို ဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွား ဖို့ ညွှန်ကြားထားခဲ့ပြီး တိကျတဲ့
အဖြေမရ သရွေ့ ဘယ်သူ့ကိုမှ ထုတ်ဖော်စွပ်စွဲသွားမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

မောင်တောခရိုင်အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီး ရက်သတ္တနှစ်ပတ်ကျော်ခဲ့ပြီဖြစ်ပေမဲ့ ဒေသလုံခြုံရေး၊
ဒေသခံတိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေ နေရပ်ပြန်ရေး၊ ဖမ်းဆီးရမိ ထားသူတွေအပေါ်
စုံစမ်းစစ်ဆေးမှု အခြေအနေမှန်တွေ၊ နယ်မြေရှင်းလင်းရေး သတင်း အချက်အလက်မှန်တွေအပေါ်
ဆက်လက် ဖိအားပေးခံနေရဆဲ ဖြစ်ပါတယ်။

Myanmar Times
http://myanmar.mmtimes.com
Don't Miss