Responsive Ad Slot

Latest

Sports

မောင်တော မြောက်ဘက် တောင်ပြိုဝဲရွာ တိုက်ပွဲတွင် တပ်မတော်သား လေးဦး ကျဆုံး

Tuesday, October 11, 2016

ပုံစာ - မောင်တော မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ယနေ့(အောက်တိုဘာ ၉ ရက်) မွန်းလွဲ ပိုင်းက လုံခြုံရေး ဆောင်ရွက်နေစဉ်
ရန်ကုန်၊ အောက်တိုဘာ ၁၁

မောင်တောမြို့ မြောက်ဘက် တောင်ပြိုဝဲကျေးရွာတွင် အောက်တိုဘာ ၁၁ ရက်နေ့က တပ်မတော်မှ နယ်မြေရှင်းလင်းမှု လုပ်ဆောင်ရာတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တပ်မတော်သား လေးဦး ကျဆုံးကြောင်း တပ်မတော် အသိုင်းအဝိုင်းထံမှ သိရသည်။

ကြက်ရိုးပြင်၊ ငခူးရ၊ ရန်ချောင်၊ ကြောင်ပိတ်၊ တောင်ပြိုရွာများကို တပ်မတော်က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ရာ တောင်ပြိုဝဲ ရွာအနီးတွင် မွန်းလွဲ  ၂ နာရီ ၄၀ အချိန်မှ စတင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး  အကြမ်းဖက်သမားများက  တောင်ကုန်းပေါ်မှ လက်နက်များဖြင့် ပတ်ခတ်မှုကြောင့် ယခုကဲ့သို့ အကျအဆုံး များရခြင်းဖြစ်ပြီး တပ်မတော်မှ အစွမ်းကုန် နယ်မြေ ရှင်းလင်းနေကြောင်း မောင်တော ဒေသခံများထံ ဆက်သွယ် မေးမြန်းချက်အရ သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ နိုင်ငံတော် သမ္မတရုံးထံ အတည်ပြုမေးမြန်းရာ လက်ရှိ မြေပြင် အခြေအနေတွင် ဒေသခံ အရပ်သားနှင့် အကြမ်းဖက်သမားများ ရောထွေး ပါဝင်နေပြီး အပြန်အလှန် ပစ်ခတ်မှုများ လူ သေဆုံးမှုများ ဖြစ်ပွားနေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

“ပြန်ကြားရေးကနေပြီးတော့ သတင်းတွေ၊ ဖြစ်စဉ်တွေ ထုတ်ပြန်ပေးနေတယ်။ အခြေအနေက အရပ်သားနဲ့ အကြမ်းဖက်သမားနဲ့ ရောယှက်နေတယ်။ ဒီမှာကတော့ ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူမှာပဲ။ သူတို့က တိုက်ခိုက် လာရင်တော့ ကျွန်တော်တို့က ရွှေပြည်အေး တရားဟောလို့ မရဘူး။ အပြန်အလှန် ပစ်ခတ်တာတွေလည်း ဖြစ်မယ်။ လူသေဆုံးမှုတွေကို ကျွန်တော်တို့ ထုတ်ပြန်ပေးနေတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိဖြစ်ပွားသည့် ပြဿနာသည် အစွန်းရောက် အကြမ်းဖက်မှု ပြဿနာဖြစ်ပြီး အကြမ်းဖက်မှုကို ဥပဒေနှင့်အညီ နှိမ်နင်းသွားရန် ဥပဒေကို ကျော်လွန် လုပ်ဆောင်ခြင်း မပြုလုပ်ရန် မှာကြားထားကြောင်း ဦးဇော်ဌေးက ဆိုသည်။

မောင်တော ဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုကြောင့် တပ်မတော်မှ နယ်မြေ ရှင်းလင်းရေးကို အောက်တိုဘာလ ၁ဝ ရက်နေ့တွင် စတင် လုပ်ဆောင်ခဲ့ပြီး ဘင်္ဂလီများ အများစု နေထိုင်သော ကျေးရွာများကို နယ်မြေ ရှင်းလင်းမှုများ ပြုလုပ်ခဲ့ပြီး စတင် ရှင်းလင်းသည့် တပ်မတော်သားများကို အကြမ်းဖက် လူတစ်စုက တုတ်ဓါးများဖြင့် စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုလာရောက်တိုက်ခိုက်သူများကို တပ်မတော်မှ ပြန်လည် ပစ်ခတ်ခဲ့သည့်အတွက် ဝင်ရောက် တိုက်ခိုက်သူ လေးဦး သေဆုံးကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မောင်တောရှိ မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်ကို အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်သူ လူတစ်စုက ဝင်ရောက် စီးနင်းခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ကိုးဦး သေဆုံး၍ လက်နက် ငါးဆယ်ခန့်ကို သိမ်းယူသွားကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

The Voice

http://thevoicemyanmar.com/
Don't Miss