ချောင်းသာကမ်းခြေ တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ - မင်းသူဝင်းထွဋ်) |
ချောင်းသာကမ်းခြေ ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် သာယာလှပစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က အချက် ၁၁ ချက် ပါဝင်သော ဒေသန္တရအမိန့်အား ထုတ်ပြန်ကြေညာခဲ့ပြီး ကြေညာချက်ပါ အချက်အလက်များအား နိုဝင်ဘာ ၁ ရက်မှ စ၍ လိုက်နာဆောင်ရွက်ခြင်း မရှိသူများအား ထိရောက်စွာ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကမ်းခြေသာယာလှပရေးနှင့် ရေရှည်တည်တံ့ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၂၂/၂၀၁၆ အစည်းအဝေးတွင် ဒေသန္တရအမိန့် ထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့ပြီး အမိန့်ကြေညာချက်တွင် မည်သူမျှ အများပြည်သူ အပန်းဖြေရန် သတ်မှတ်ထားသည့် ကမ်းခြေဧရိယာအတွင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ လိုင်စင်ချမှတ်ပေးထားသော အုန်းရေသောက်လုပ်ငန်း၊ ရေကူးဘောကွင်းလုပ်ငန်း၊ စက်ဘီးငှားရမ်းခြင်း လုပ်ငန်းများမှအပ ဈေးဆိုင်တည်ခင်း ရောင်းချခြင်း မပြုရန်၊ အများပြည်သူ ရေကစားရန် သတ်မှတ်ထားသည့် Water Line Area အတွင်းသို့ Speed Boat, Banana Boat အစရှိသော အပျော်စီးစက်တပ်ယာဉ်များ ကျူးကျော် မောင်းနှင်ခြင်း၊ ကျောက်ချရပ်နားခြင်း၊ ခရီးသည် အတင်အချ ပြုလုပ်ခြင်း မပြုရန်၊ ကမ်းခြေသဲသောင်ပြင် ဧရိယာအတွင်း တာဝန်ထမ်းဆောင်သည့် ယာဉ်မှအပ မြင်းစီးခြင်း၊ တိရစ္ဆာန်ဖြင့်ဆွဲသောလှည်းများ မောင်းနှင်ခြင်း၊ စက်ကရိယာတပ်ယာဉ်များ မောင်းနှင်ခြင်း မပြုရန်၊ ကမ်းခြေနှင့် ထိစပ်လျက်ရှိသော ရပ်ကွက်ကျေးရွာအတွင်း အများပြည်သူ ဆူညံမှု၊ အထိတ်အလန့်ဖြစ်စေမှု မရှိစေရေး၊ အိတ်ဇောဖြုတ်ထားသည့် စက်တပ်ယာဉ်များ မောင်းနှင်ခြင်း၊ စက်တပ်ယာဉ်တွင် ပါရှိရမည့် ဟွန်းသံမှအပ ပြောင်းလဲတပ်ဆင်မသုံးရန်၊ အများပြည်သူ အပန်းဖြေသည့် ဧရိယာအတွင်း ဂွပိုက်များ အသုံးပြု၍ ရေပြင်တွင် ပစ္စည်းရှာခြင်း မပြုရန်၊ အပန်းဖြေ ဧရိယာနှင့် နီးစပ်သည့်နေရာတို့တွင် အများပြည်သူတို့၏ ကျန်းမာရေး ထိခိုက်စေနိုင်သည့် ငါးလှန်းစင်များ ဆောက်လုပ်ခြင်း၊ ငါးလှန်းခြင်း၊ စီးပွားဖြစ်တိရစ္ဆာန်များ မွေးမြူခြင်းမပြုရန်၊ ကမ်းခြေနှင့် မည်သည့်အဆောက်အအုံ ဧရိယာအတွင်း ကမ်းခြေလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မီးရှူးမီးပန်း ဗျောက်အိုးများ လက်ဝယ် ကိုင်ဆောင်ထားခြင်း၊ ပစ်ဖောက်ခြင်း လွှတ်တင်ခြင်း မပြုရန်၊ ကမ်းခြေသဲသောင်ပြင် ဧရိယာအတွင်း ကာရာအိုကေ သီဆိုခြင်း၊ မီးပုံပွဲများ ကျင်းပလိုပါက ကမ်းခြေလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၏ ခွင့်ပြုချက် မရှိဘဲ မလုပ်ဆောင်ရန်၊ ကမ်းခြေသဲသောင် မြေဧရိယာအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း ခြံခတ်ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ အဆောက်အအုံ တိုးချဲ့ဆောက်လုပ်ခြင်း၊ ကျူးကျော်ခြင်း မပြုရန်၊ ကမ်းခြေနှင့် ကမ်းခြေဆင်းလမ်းများပေါ်တွင် ဈေးရောင်းချခြင်း၊ ယာဉ်များဖြင့် ညအိပ်ရပ်နားခြင်း၊ တဲထိုး၍ ညအိပ်ခြင်း ရေချိုးခန်း ဖွင့်လှစ်ခြင်း မပြုရန်၊ ကမ်းခြေဧရိယာအတွင်း သဲထုတ်ခြင်း၊ ကျောက်ထုတ်ခြင်း၊ သန္တာကျောက်များ တူးဖော် ထုတ်ယူခြင်းမပြုရန် အချက်တို့အား ထုတ်ပြန်ခဲ့ပြီး လိုက်နာမှုမရှိပါက နိုဝင်ဘာ ၁ ရက်မှစ၍ တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
“ဒေသန္တရအမိန့် ထုတ်ပြန်တာက ထုတ်ပြန်တာပေါ့ဗျာ။ ဒါပေမဲ့ လက်တွေ့အသက် မ၀င်ရင်တော့ အလကားဘဲ။ ကမ်းခြေဈေးသည်တွေနဲ့ ပက်သက်ရင်တော့ လုံးဝပိတ်လိုက်တာထက် စနစ်တကျ ရောင်းဝယ်ဖို့ လုပ်ဆောင်ပေးတာ ပိုကောင်းမယ်။ ကမ်းခြေမှာ သဲစုတ်တာ ကျောက်ထုတ်တာကိုကျတော့ အသေအချာ လုပ်ဆောင်ရဲဖို့တော့ လိုလိမ့်မယ်။ နွမ်းပါးတဲ့ဈေးသည်တွေကိုကျ တစ်မျိုး၊ ဟိုတယ်ကြီးတွေနဲ့ လုပ်ငန်းရှင်တွေအပေါ်ကို ကျတော့တစ်မျိုး အရေးယူတာမျိုး မဖြစ်စေချင်ဘူး” ဟု ချောင်းသာကမ်းခြေဒေသခံ ကိုမောင်ပုက ပြောကြားသည်။
ချောင်းသာကျေးရွာအား ကျေးရွာအဖြစ်မှ မြို့အဖြစ်သို့ ပြောင်းလဲသတ်မှတ်ရန်လည်း အစိုးရအဖွဲ့က စီမံဆောင်ရွက်နေပြီး မြေနေရာ တိုင်းတာမှုများ မြို့ပြအင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ရန် ကိစ္စရပ်များအား လုပ်ဆောင်နေဆဲဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားထားသည်။
Writer: မင်းသူဝင်းထွဋ်
Eleven Media Group
http://news-eleven.com